ဂျပန်မိန်းမလှလေးများ ဂျိုင်းဖြင့် လုံးသည့် ဈေးကြီးပေးရသော ထမင်းလုံး

ဂျပန်ရိုးရာ ထမင်းလုံးကို အမျိုးသမီးများ ဂျိုင်းချွေးဖြင့် လုံးကာ ထူးခြားဆန်းကြယ်စွာ ပြုလုပ်လာသည်။

South China Morning Post

ဂျပန်နိုင်ငံ၏ ရှေးအစဉ်အဆက် စားဖွယ်ရာများမှ တခုပါ။

ဟင်းသီးဟင်းရွက်နှင့် အသားကို အရသာရှိရှိ ပေါင်းစပ်ဖြည့်သွင်းပြီး လက်နှင့် လုံးထားသည့် ထမင်းလုံးကို ပင်လယ်ရေညှိဖြင့် ထုပ်ပိုးထားသော စားဖွယ်ရာပဲ ဖြစ်သည်။

အဆိုပါ Onigiri ထမင်းလုံးကို ဆာမူရိုင်းများက တိုက်ပွဲမြေသို့ ယူဆောင်သွားလေ့ရှိပြီး စားသောက်ကြသည်။

ယနေ့တွင် ယင်း ရာစုနှစ်များစွာ အစဉ်အလာရှိသော စားဖွယ်ရာမှာ ထူးခြားဆန်းကြယ်သော ပုံစံသစ်တမျိုး ရှိလာခဲ့သည်။

ထမင်းလုံးကို လုံးရာတွင် မိန်းမပျိုများက ၎င်းတို့၏ ဂျိုင်းဖြင့် လုံးကြပြီး စားဖွယ်ရာကို ပြင်ဆင်ကြခြင်းဖြစ်ရာ ယင်းသည် လူမှုမီဒီယာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့သည်။

Onigiri စားဖွယ်ရာ မပြုလုပ်မီ ပါဝင်ပစ္စည်းအားလုံးနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပိုးသတ်ရသည်။

ယင်းနောက်တွင် မိန်းကလေးများက ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ကြပြီးနောက် ထမင်းကို လုံးရာတွင် လက်ဖဝါးများအစား ဂျိုင်းဖြင့် လုံးကြခြင်း ဖြစ်သည်။

အပြီးအစီး ထုတ်လုပ်ပြီးသော အဆိုပါ ထမင်းလုံးကို အချို့သော စားသောက်ဆိုင်များတွင် ပုံမှန်ထမင်းလုံးထက် ဆယ်ဆ ဈေးပိုကြီးကာ ရောင်းချခြင်း ဖြစ်သည်။

အဆိုပါ ထမင်းလုံးများက အရသာ မကွဲပြားကြောင်း ဂျိုင်းဖြင့် လုံးသည့် ထမင်းလုံးကို ခံတွင်းတွေ့နေသည့် စားသုံးသူတဦးက ပြောသည်။

အချို့သော စားသောက်ဆိုင်များက ယင်း ထမင်းလုံး ပြုလုပ်ပုံကို ပွင့်ပွင့်လင်းလင်း ဖော်ပြကြပြီး ဖောက်သည်များအား မီးဖိုချောင်သို့ လာရောက်ခွင့် ခွင့်ပြုခြင်းဖြင့် ၎င်းတို့၏ ကြယ်ပွင့်ရ စားဖိုမှူးများနှင့် နည်းစနစ်များကို ဂုဏ်ယူစွာ အားပေးမြှင့်တင်သည်။

စိတ်ဝင်စားဖွယ် ရှိသည်မှာ ဂျိုင်း၏ လိင်ပိုင်းဆိုင်ရာ အရေးပါမှုကို ပညာရှင်များက သုတေသန ပြုလျက်ရှိခြင်း ဖြစ်သည်။

၂၀၁၃ ခုနှဝစ်က သုတေသနတရပ်တွင် pheromone ဓာတ် ပါရှိနေသော ခန္ဓာကိုယ် အစိတ်အပိုင်းမှ ချွေးကို အနံ့ခံခြင်း သို့မဟုတ် လျက်ခြင်းသည် လူ့စိတ်ခံစားချက်ကို တိုးတက်ကောင်းမွန်စေနိုင်သည်ဟု တွေ့ရှိခဲ့သည်။

ဂျပန်အမျိုးသားတဦးမှာ ၎င်း၏ အိမ်တွင် ဂျိုင်းထမင်းလုံးကို စားရန် တွန့်ဆုတ်နေခဲ့ရာ ယင်း ထမင်းလုံးများမှ ၁၄ လုံးခန့် ပုပ်သိုးရာမှ မခံနိုင်အောင် အနံ့ထွက်သဖြင့် အိမ်နီးချင်းများက ရဲတိုင်ကြားမှု ဖြစ်ပွားခဲ့သည်။

ယခု ထူးထွေဆန်းသည့် စားဖွယ်ရာကြောင့် လူမှုမီဒီယာတွင် ဆူညံပွတ်လောရိုက်စွာ ငြင်းခုံဆွေးနွေးမှုများ ပေါ်ပေါက်သည်။

“အခု ထမင်းလုံးဟာ သန့်ရှင်းနေသရွေ့တော့ အစဉ်အလာကို ဆန့်ကျင်တဲ့ စိတ်ဆန္ဒရှိသူတွေအတွက် စိတ်ကျေနပ်မှု ရစေနိုင်လိမ့်မယ်၊ ဒါဟာ ထိခိုက်နစ်နာတာလည်း မရှိဘူး”ဟု လူတဦးက ဆိုသည်။

“ဒါဟာ လက်သင့်မခံစရာပါ၊ စားဖိုမှူးမှာ အဖျားငုပ်နေတာမျိုးလည်း ရှိနိုင်တယ်၊ ကျွန်တော့်အနေနဲ့တော့ ပုံမှန် ထမင်းလုံးကိုပဲ စားသုံးမယ်”ဟု အွန်လိုင်းစောင့်ကြည့်သူတဦးက Weibo တွင် ရေးသားခဲ့သည်။