မြန်မာထရိုင်ကာပလပ်စ် အလုပ်ဖြစ်ပါ့မလား

ဧပြီလ ၉ ရက်၊ မြ၀တီမဲဆောက်တံတား မြင်ကွင်း

ဗညားစံရွှေ

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေနဲ့ ပိုပြီး တက်တက်ကြွကြွနဲ့ ပါဝင်လုပ် ဆောင်ဖို့ ထိုင်းအစိုးရက ဧပြီ ၂၆ ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။

ဒီလိုတောင်းဆိုမှုဟာ ထိုင်း-မြန်မာ နယ်စပ်က မြဝတီမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ် ရေး ရပ်ဆိုင်းသွားပြီး စစ်ဘေးရှောင်တွေ ထိုင်းဘက်ကို အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာတာ ပါ။

ဒီလိုတောင်းဆိုမှုထဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပိုပြီးအားကောင်းတဲ့ အာဆီယံကို ကျွန်တော်တို့ မြင်ချင်ပါတယ် လို့ထည့်သွင်းပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့တပတ်က မြ၀တီကုန်သွယ်ရေးဇုန်မှာ စစ်ကောင်စီတပ်တွေနဲ့ KNU အပါအဝင် ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန်မှာ ထိုင်းအစိုးရက မြန်မာ့ပဋိပက္ခတွေမှာ ညှိုနှိုင်း ဆွေးနွေးမှုတွေဖြစ်လာစေ ဖို့ ထိုင်းအနေနဲ့ ကြားဝင်ညှိုနှိုင်းပေးဖို့ အသင့်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သေးပါတယ်။

အဲဒီမတိုင်ခင်ကလည်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေ လျော့သွားပြီး ငြိမ်းချမ်းရေးရဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ အာဆီယံ ထရွိုင်ကာ (အာဆီယံသုံးနိုင်ငံတွဲ) ဒါမှမဟုတ် ထရွိုင်ကာပလပ်စ် (သုံးနိုင်ငံတွဲ နှင့်အပေါင်း)အစည်းအဝေးတွေကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပပေးနိုင်ဖို့ အာဆီယံလက်ရှိဥက္ကဋ္ဌ လာအိုနိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်ဆိုတဲ့ အကြောင်း ကို ထိုင်းနိုင်ငံရဲ့အထင်ကရ သတင်းစာကြီးတစောင်ဖြစ်တဲ့ ဘန်ကောက်ပို့စ်က ရေးသားခဲ့ပါသေးတယ်။

ဒီအနေအထားတွေဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာအရေးမှာ အရင်ကထက် ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ပြယုဂ်တွေလို့ ဆိုနိုင်ပါတယ်။

အထူးသဖြင့် မြ၀တီတိုက်ပွဲတွေကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာမှုများပြားခဲ့တဲ့ ထိုင်းနိုင်ငံဟာ သံတမန်ရေးနည်းလမ်းအရ ဘက်ပေါင်းစုံက ဝင်ပါနိုင်အောင် လုပ်ဆောင်လာပါတယ်။

ထိုင်းနိုင်ငံဟာ အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး ကမကထလုပ်ဆောင်ခဲ့ဖူးတဲ့ သာဓကတွေ လည်းရှိခဲ့ဖူးတဲ့အတွက် လောလောဆယ် အဆိုပြုနေတဲ့ အာဆီယံထရွိုင်ကာ (အာဆီယံသုံးနိုင်ငံတွဲ) ဒါမှမဟုတ် ထရွိုင်ကာပလပ်စ် (သုံးနိုင်ငံတွဲနဲ့အပေါင်း) နည်းနာတွေဟာ တကယ်အလုပ်ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိလာ ပါတယ်။

“မြန်မာ့အရေးနဲ့ ထိုင်းနိုင်ငံရဲ့ သံတမန်ရေး”

မြန်မာနိုင်ငံဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ၊ စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်သူတွေအပေါ် ပြင်းထန်တဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် အာဆီယံအတွက် အကြီးမားဆုံး ပြဿနာတရပ် ဖြစ်လာပါတယ်။ ဒီလိုအခြေအနေအောက်မှာ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခိုလှုံသူတွေ ၊ အလုပ်အကိုင် ရှားပါးမှုကြောင့် ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်သူတွေ ၊ တရားမဝင်လာရောက်မှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ လူကုန် ကူးမှုတွေကြောင့်လည်း ထိုင်းအစိုးရအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပြဿနာများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

ထိုင်းနိုင်ငံဟာ နှစ် ၇၀ ကျော်ကြာ မြန်မာပြည်တွင်းစစ်မှာ လုံးလုံးလျားလျား ပါဝင် ပတ်သက်နေတဲ့ နိုင်ငံပါ။ စစ် ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလထဲမှာပဲ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်း ဆောင်တွေက အင်ဒိုနီးရှားနိုင်ငံမှာ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြကြပါတယ်။

အင်ဒိုနီးရှားက ဦးဆောင် ကျင်းပတဲ့ ဒီအစည်းအဝေးမှာ စစ်ကောင်စီခေါင်း ဆောင်ကိုယ်တိုင် တက် ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ မြန် မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ၊ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ တွေပေးနိုင်ရေး အပါအဝင် မြန်မာ့အကျပ်အတည်း ကူညီဖြေရှင်းနိုင်မယ့် ဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အဲ့ဒီအစည်းအဝေးမှာ သဘောတူ ချမှတ်ခဲ့ကြတာပါ။

ဒါပေမဲ့ အာဏာသိမ်းကာလ သုံးနှစ်ကျော်တဲ့အထိ အရေးကြီးတဲ့အချက်အများစုကို စစ်ကောင်စီက မျက်ကွယ်ပြု ခဲ့ပါတယ်။

အလှည့်ကျဥက္ကဋ္ဌတွေသာ တယောက်ပြီးတယောက်ပြောင်းပြီး အထူးကိုယ်စားလှယ်တွေတယောက်ပြီး တယောက်ခန့်အပ်နေပေမယ့် ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး အောင်မြင်မှု မရခဲ့ပါဘူး။ ဒါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာလည်း စစ်ကောင်စီ အပေါ် စိတ်ပျက်လက်ဖြစ်နေကြပါတယ်။ ဒီလိုအခြေ အနေအောက်မှာ ထိုင်းနိုင်ငံအနေနဲ့ တကိုယ်တော်လှုပ်ရှားမှုတွေကို လုပ်လာခဲ့ပါတယ်။မြန်မာအရေးဆိုင်ရာ အ လွတ်သဘော ဆွေးနွေးပွဲ (Track 1.5) ကို ဦးဆောင်တဲ့ နိုင်ငံဖြစ်လာတယ် ။ Track 1.5 အစည်းအဝေးတွေ ကျင်း ပခဲ့တယ်။ စစ်ကောင်စီက ဘယ်သူ့ကိုမှ တွေ့ခွင့်မပြုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ခွင့်ရခဲ့ပါတယ်။

ထိုင်းအစိုးရအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ထိုင်းအစိုးရသစ်ဟာ မြန်မာ့အရေးအ ပေါ် အရင်အစိုးရထက် ပိုမိုနွေးထွေးလာတာကို တွေ့ရပါတယ်။ အရင်အစိုးရလက်ထက်တွေမှာ မလုပ်ဆောင်ခဲ့ဖူး တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာအတိုက်ခံတွေ ပါဝင်တဲ့ ဆွေးနွေးပွဲကြီးတစ်ရပ်ကို ထိုင်းလွှတ်တော်က ဦးဆောင်ပြီး ထိုင်းလွှတ်တော်ထဲမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

အရင်ထိုင်းထိုင်းအစိုးရဟာ အာဏာ သိမ်း စစ်ကောင်စီနဲ့သာ တိုက်ရိုက် ထိတွေ့ ဆက်ဆံတာမျိုး ရှိခဲ့ပေမယ့် ရွေးကောက်ပွဲနဲ့တက်လာတဲ့ ထိုင်းအစိုးရ သစ်လက်ထက်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့အင်အားစုတွေနဲ့ သွယ်ဝိုက်ဆက်ဆံမှုတွေ ရှိလာတယ်။ စစ်ပွဲ ကြောင့် နေရပ်စွန့်ခွာ သူတွေနဲ့ ပတ်သက်တဲ့ ပထမဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အစီ အစဉ် အကောင်အထည်ဖော်ခဲ့တယ်။ အရင် စစ်ဘေးဒုက္ခသည်တွေ လက်ခံမှုကို လိုလိုလားလားမရှိခဲ့ပေမဲ့ မြန်မာ နိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးလာမယ်ဆိုရင် ဒုက္ခသည် တသိန်းအထိ ယာယီ လက်ခံဖို့ ပြင်ဆင်ထားတဲ့အကြောင်း ထုတ်ပြောလာတာကိုတွေ့ရပါတယ်။

မကြာခင်က မြ၀တီဒေသတကြောမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေဟာ တရက် ကို အမေရိကန်ဒေါ်လာ ၅ သန်းကျော်လောက် ကုန်သွယ်မှုပြုနေတဲ့ မြ၀တီနယ်စပ်ကုန်သွယ်ရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ ဒီ အခါမှာ ထိုင်းအစိုးရအနေနဲ့ မြန်မာထရိုင်ကာပလပ်စ် ဆိုတဲ့ မြန်မာ့အကျပ်အတည်း ဖြေ ရှင်းရေး လမ်းကြောင်း တခုကို အဆိုပြုဖော်ထုတ်လာပါတယ်။

“မြန်မာထရိုင်ကာပလပ်စ် အလုပ်ဖြစ် မဖြစ်”

တကယ်တော့ ထရိုင်ကာပလပ်စ် ဟာ မတ်လနှောင်းပိုင်းက ထိုင်းအောက်လွှတ်တော် ပြည်ပရေးရာကော်မတီရဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ အထောက်အကူပေးနိုင်ဖို့အတွက် အချက်လေးချက်ပါ အဆိုပြု ချက်ကနေ မြစ်ဖျားခံလာတာဖြစ်ပါတယ်။အဲဒီ အဆိုပြု အချက်(၄)ချက်ထဲက စတုတ္ထအချက်မှာ မြန်မာ့နိုင်ငံရေး ပြ ဿနာကို ဖြေရှင်းရေးအတွက် မြန်မာထရွိုင်ကာပလပ်စ် (Myanmar Troika Plus) လို့ခေါ်တဲ့ ဒေသတွင်းအဖွဲ့ အစည်းတစ်ရပ်နဲ့ ငြိမ်းချမ်းရေးကို အကျိုးဆောင်ဖို့ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းအစိုးရရဲ့ အဆိုပြုချက်အရဆိုရင် “အာဆီယံထရွိုင်ကာ” အနေနဲ့ လက်ရှိမတိုင်ခင် ဥက္ကဋ္ဌ ၊ လက်ရှိဥက္ကဋ္ဌ နဲ့ လာမယ့် ဥက္ကဋ္ဌ သုံးနိုင်ငံ ( အင်ဒိုနီးရှား ၊ လာအိုနဲ့ မလေးရှား)ကို ဆိုလိုတာ ဖြစ်ပါတယ်။“ မြန်မာထရွိုင်ကာပလပ်စ်” မှာတော့ ထိုင်းနိုင်ငံ၊ အာဆီယံအလှည့် ကျဥက္ကဋ္ဌ၊ တရုတ် ၊ အိန္ဒိယနိုင်ငံတွေနဲ့ ဖွဲ့စည်းမယ်လို့ နားလည်ရပါတယ်။

တကယ်တော့ “ထရွိုက်ကာ ယန္တရား” ဟာ အာဆီယံထဲမှာ ၁၉၉၇ ခုနှစ်က ကျင့်သုံးခဲ့ဖူးပါတယ်။ အဲ့တုန်းက ကမ္ဘောဒီးယားမှာ ဟွန်ဆန်ရဲ့ အာဏာသိမ်းမှုကို အာဆီယံအနေနဲ့ အလွတ်သဘော သီးသန့်တုံ့ပြန်နိုင်ဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ၊ ကမ္ဘောဒီးယားရဲ့ အိမ်နီးချင်းအဖြစ် ထိုင်းနိုင်ငံ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေ ပါဝင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌတာဝန်

စယူချိန် သူရဲ့မြန်မာနိုင်ငံခရီးစဥ်မှာ အာဆီယံ “ထရွိုက်ကာ” အပေါင်း(၃) နိုင်ငံက မြန်မာ့အရေးမှာ ကြားဝင် ဖြေ ရှင်းနိုင်ခြေကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူ့ရဲ့ အကြံပြုချက်ကို အလေးမထား ခဲ့ကြပါဘူး။

အခုတခါ တကျော့ပြန်ပေါ်လာတဲ့ ထိုင်းအစိုးရရဲ့ “ထရွိုက်ကာယန္တရား” အဆိုပြုချက်အရ ဆိုရင်တော့ ထိုင်းနိုင်ငံ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ တရုတ် ၊ အိန္ဒိယနိုင်ငံတွေပါဝင်တဲ့ “မြန်မာထရွိုင်ကာပလပ်စ်” ကတော့ “အာဆီယံ ထရွိုင်ကာ” ထက်ပိုပြီး အလုပ်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ လုပ်ပုံကိုင်ပုံတွေအပေါ် အားမရတဲ့နိုင်ငံတွေက များနေလို့ပါ ။

အထူးသဖြင့် “မြန်မာထရွိုင်ကာပလပ်စ်” မှာ စစ်ကောင်စီအပေါ် တစုံတရာဩဇာရှိတဲ့ တရုတ်နိုင်ငံ ပါလာပြီး ထဲထဲ ဝင်ဝင် လုပ်ဆောင်တာမျိုး ရှိလာရင် အရွေ့တခု ဖြစ်လာနိုင်ပါတယ်။ စစ်ကောင်စီနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်ထားတဲ့ ထိုင်းစစ်တပ်က လိုလိုလား လားရှိမယ်ဆိုရင် အတိုင်းအထက်လွန်ပါ ။ ဒါပေမဲ့ လတ်တလော အနေအထားအရ မြန်မာ့အကျပ်အတည်းကို ပြေလည်စေလိုတဲ့ ထိုင်းဒုဝန်ကြီးချုပ်နဲ့ ထိုင်းနိုင်ငံခြားဝန်ကြီး ပန်ပရီ ဖဟီထာနုကွန် တယောက် ရာထူးကနေ ရုတ်တရက်နှုတ်ထွက်သွားတာဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိုင်း အစိုးရနဲ့ထိုင်းစစ်တပ်ကြားမှာ လွန်ဆွဲမှုတွေရှိနိုင်တယ်လို့ ယူဆရပါတယ်။ ခြုံပြောရရင်တော့ထိုင်းအစိုးရရဲ့“မြန်မာ ထရွိုင်ကာပလပ်စ်” ဟာ စိတ်ဝင်စားဖို့ ကောင်းပေမယ့် မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ အလားအလာနည်းပါတယ်။ အလုပ်ဖြစ်တယ်ဆိုရင်တောင်မှ အ‌ရွေ့တစ်ခုခုကို တွန်းပို့တာမျိုးလောက်ပဲ ဖြစ်နိုင်ချေ ရှိပါတယ်။