စီးပွားရေး နှေးကွေးနေချိန်တွင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ရွေးချယ်ရန် တရုတ် အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

NIKKEI Asia

ယခုနှစ် မတ် တွင် ကျင်းပသည့် တရုတ်ခေါင်းဆောင်များ အနေဖြင့် အရေးကြီးကိစ္စများ ဆုံးဖြတ်ချက်ချလေ့ရှိသော တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တွင် စီးပွားရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အသစ်များ ချက်မှရန် ခက်ခဲနေသည်။ အံ့အားသင့်ဖွယ် ကောင်းသည်မှာ ဝန်ကြီးချုပ် လီ ကျင်း သည် နောက်ဆုံးသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

သတင်းထောက်များ လိုအပ်သည့် အချက်အလက်များ ကို ညီလာခံ ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုများမှ တဆင့် အလွယ်တကူ ရယူနိုင်ကြောင်း NPC ၏ ပြောရေးဆိုခွင့်ရှိသူ လူကျင်ဂျင်း က အကြိုနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံတွင်း ဖြစ်ပေါ်နေသော အိမ်ရာစျေးကွက်ပြဿနာ၊ ဒေသန္တရအစိုးရကြွေးမြီများ များပြားလာခြင်း၊ လူငယ်အလုပ်လက်မဲ့ မြင့်တက်လာခြင်းနှင့် ငွေကြေးဖောင်းပွမှု ဖိအားများသည် တရုတ်အစိုးရ၏ ဖြေရှင်းရန် ပျက်ကွက်မှုကြောင့်ဖြစ်သည်။ အလယ်အလတ်မှ ရေရှည် အထိ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆုံးဖြတ်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ တတိယမြောက်အစည်းအဝေးတွင် ယင်းတို့ကို ကိုင်တွယ် ဖြေရှင်းမည် ဖြစ်ပြီး အဆိုပါ ညီလာခံကို ပြီးခဲ့သည့် ဆောင်းရာသီတွင် ပြုလုပ်ရန် မျှော်မှန်းထားသော်လည်း ယခုအချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

တရုတ်သည် ၂၀၂၄ တွင် အလုပ်အကိုင် ၁၂ သန်း ဖန်တီးရန် ရည်မှန်းထားသော်လည်း အစီအစဉ် စတင်နိုင်ခြင်း မရှိသေးပေ။ အိမ်စျေးနှုန်းများသည် ၂၀၁၂ မှ ၂၀၂၁ အထိ ၃၄ % တက်လာခဲ့သော်လည်း နောက်ပိုင်းတွင် ၁၀ % ကျဆင်းသွားကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် စတင်ခဲ့သော တရုတ်၏ စီးပွားရေးသည် နှစ်အများစုတွင် ၁၀ % နီးပါး တိုးလာသော်လည်း ယင်းနေ့ရက်များ ကုန်ဆုံးသွားဟန်ရှိသည်။ မတ် ၅ ရက်တွင် ဝန်ကြီးချုပ်လီ ထုတ်ပြန်သော ယခုနှစ် တိုးတက်မှု ရည်မှန်းချက် ငါးရာခိုင်နှုန်း ခန့် ကို စီးပွားရေးပညာရှင်များက အဆိုးမြင်ကြသည်။ ကမ္ဘာ့ဘဏ် က တိုးတက်မှု နှုန်း ၄ ဒသမ ၅ % ခန့်မှန်းထားသည်။

” ငါးရာခိုင်နှုန်းဟာ ကျိုးကြောင်းဆီလျော်တဲ့ ရည်မှန်းချက်ကြီးတဲ့ တိုးတက်မှုပန်းတိုင်လို့ ကျွန်တော်ထင်ပါတယ်” ဟု သုတေသနကုမ္ပဏီ Trivium China မှ စီးပွားရေးပညာရှင် ဂျိုးဇက် ပိုင်ဆယ် က Nikkei Asia သို့ ပြောကြားသည်။ စီးပွားရေး တိုးတက်မှုနှုန်း ရရန် GDP ၏ သုံးရာခိုင်နှုန်း သည် အလွန်နည်းနေပြီး ဘဏ္ဍာရေးလိုငွေပြမှု ဖြစ်သော အစိုးရအသုံးစရိတ်နှင့် ၀င်ငွေ ကွာခြားချက် ကို ပိုင်ဆယ် က စိုးရိမ်သည်။ ယွမ် တထရီလီယံ (ဒေါ်လာ ၁၃၉ ဘီလီယံ) အထူးငွေတိုက်စာချုပ်များ ထုတ်ပေးခြင်းကို NPC တွင် ကြေညာပြီး ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။ ယင်းက လက်တွေ့တွင် စုစုပေါင်းအစိုးရအသုံးစရိတ်ကို ၄ ဒသမ ၄ % တိုးစေမည်ဟု ပိုင်ဆယ် က ပြောကြားသည်။

အိမ်ခြံမြေနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများသည် တရုတ် စီးပွားရေး တိုးတက်မှုအတွက် အဓိက ဖြစ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုထက် စားသုံးမှုအပေါ် မှီခိုသည့် စီးပွားရေးကို ပြန်လည်ချိန်ညှိရန် လိုကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။ ၂၀၂၁ တွင် GDP အရ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် ၄၃ ဒသမ ၃ % ရှိပြီး ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ အဓိကစီးပွားရေးနိုင်ငံများအတွက် စားသုံးမှုမှာ ၅၄ % အနည်းဆုံးဖြစ်သည်။

“တရုတ်က အိမ်ခြံမြေကဏ္ဍနဲ့ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အကြီးအကျယ် မှားယွင်း လုပ်ဆောင်နေတာ နှစ်အတော်ကြာပြီ” ဟု ပီကင်းတက္ကသိုလ် Guanghua School of Management မှ ဘဏ္ဍာရေးပါမောက္ခ မိုက်ကယ် ပက်တစ် က ပြောသည်။ “ဒါပေမယ့် GDP တိုးတက်မှုက စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှု ရဲ့ အဓိကလုပ်ဆောင်ချက်ဖြစ်မယ် ဆိုရင် ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းစေမည် ဆိုရင် စားသုံးမှုကို မြှင့်တင်ရမယ်။ ဒါမှမဟုတ်ရင် GDP တိုးတက်မှု က သိသိသာသာ ကျဆင်းသွားလိမ့်မယ်” ဟု ၎င်း က ဆိုသည်။

တရုတ်သည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်သည့် တိုးတက်မှု ပုံစံမှ နောက်ဆုတ်မည် မဟုတ်ကြောင်း NPC တွင် သိသာစေသည်။

ယခုနှစ် NPC တွင်ဖော်ပြထားသော အဓိကကွာခြားချက်မှာ အခြေခံအဆောက်အအုံနှင့် အိမ်ခြံမြေများထက် နည်းပညာမြင့် ရင်းနှီးမြုပ်နှံမှုအပေါ် ပိုမို အဓိကထားလာသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍမှ ပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၃ တွင် ၆ ဒသမ ၅ % တိုးလာစဉ် အိမ်ခြံမြေ ကဏ္ဍတွင် ၈ ဒသမ ၁ % ကျဆင်းကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အိမ်ခြံမြေကဏ္ဍက ရင်းနှီးမြှုပ်နှံမှုတွေကို ထုတ်လုပ်မှုကို ကူးပြောင်းလာခဲ့တယ်။ မျှော်မှန်းချက်ကတော့ နည်းပညာမြင့်ထုတ်လုပ်ရေးက ကုန်ထုတ်စွမ်းအားပြဿနာကို တစ်နည်းနည်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပက်တီ က ပြောသည်။

အဓိက ထုတ်လုပ်မှုများတွင် လျှပ်စစ်ကားများ၊ ဟိုက်ဒရိုဂျင်စွမ်းအင်၊ ဇီဝထုတ်လုပ်ရေး၊ လုပ်ငန်းသုံးလေယာဉ်များနှင့် ကွမ်တမ် ကွန်ပြူတာကဲ့သို့သော အဆင့်မြင့်နည်းပညာများကို ပြန်လည် အလေးပေးဆောင်ရွက်သွားရန် ဖြစ်သည်။ သိပ္ပံနှင့် နည်းပညာမြင့်များအတွက် ၂၀၂၄ ဘတ်ဂျက်သည် ၁၀ % ထိတိုးရန် သတ်မှတ်ပြီး ကာကွယ်ရေး ဘက်ဂျက်သည် ၇ ဒသမ ၂ % သာ တိုးမည်ဖြစ်သည်။

“ကုန်ထုတ်စွမ်းအားသစ်များ” ဟူ၍ နည်းပညာမြင့်စက်မှုလုပ်ငန်းများ၏ အရေးကြီးမှုကို အလေးပေးဖော်ပြ၍ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုရရှိရန် လိုအပ်ကြောင်း သမ္မတရှီကျင့်ဖျင် က ကိုယ်စားလှယ်များအား NPC ပြင်ပတွင် ပြောကြားခဲ့သည်။

NPC တွင် ဦးစားပေးများအဖြစ် သတ်မှတ်ထားသော ကဏ္ဍအများစုသည် ၂၀၁၅ တွင် ပထမဆုံး ထုတ်ဖော်ခဲ့သော Made in China 2025 မူဝါဒ၏ တစိတ်တပိုင်းဖြစ်ပြီး အနောက်နိုင်ငံများ၏ ကုန်ပစ္စည်း တင်သွင်းမှု ကန့်သတ်ချက်များ ချမှတ်ပြီးနောက် ၂၀၂၁ မှ စတင်သည့် ငါးနှစ် စီးပွားရေးစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများသည် နည်းပညာဆိုင်ရာ ပြည်တွင်းထုတ်လုပ်မှုအပေါ် မှီခိုမှုကို အလေးပေးခဲ့သည်။

“ရှီ ၏ အင်အားအသစ်များသည် မူဝါဒအတွက် ဦးတည်ချက်အသစ်ထက် စိတ်ဓာတ်များကို မြှင့်တင်ရန် ပိုမိုလုပ်ဆောင်ပုံရသည်” ဟု ဗြိတိန် သုတေသနကုမ္ပဏီ Capital Economics မှ စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။

“သူတို့က အဆင့်မြင့်နည်းပညာကို အဓိကထားပြီး ပိုအကျိုးဖြစ်ထွန်းတဲ့ နယ်ပယ်တွေဆီ ရင်းနှီးမြှုပ်နှံမှုတွေ လွှဲပြောင်းဖို့အကြောင်း ပြောနေကြပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး ပြဿနာ နှစ်ခု ရှိတယ်။ တခုက နည်းပညာမြင့်နယ်ပယ် က အတော်လေး သေးငယ်တယ်။ နောက်တခုကတော့ အရင်တုန်းက တခြားနိုင်ငံတော်တော်များများက ဒီလိုပဲ စမ်းသပ်ခဲ့ကြတယ်” ဟု ပက်တစ် က ပြောကြားသည်။

၁၉၆၀ ခုနှစ်များအတွင်း ဆိုဗီယက်ယူနီယံနှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဂျပန်တို့သည် မက်ခရို စီးပွားရေးတိုးတက်မှု အဖြစ် နည်းပညာမြင့်စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ချထားရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ၎င်းက ဆက်ပြောသည်။ “နည်းပညာမြင့်ကဏ္ဍဟာ သေးငယ်လွန်းတာကြောင့် စီးပွားရေး အများစုဟာ နည်းပညာမြင့် ရင်းနှီးမြုပ်နှံမှုကနေ တကယ်အကျိုးရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။