ထိုင်း- မြန်မာ အမှတ်(၁)တံတားမှ UID နံပါတ် မပါသူများကို မြန်မာနိုင်ငံက ထွက်ခွင့်မပြု

YT

(မဇ္ဈိမ)။ ။ ထိုင်း- မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် (၁) မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လိုသူများကို UID နံပါတ် မပါပါက အမှတ် (၁) တံတား၊ မြန်မာဘက်အခြမ်းရှိ လဝကက ထွက်ခွာခွင့် မပြုတော့ကြောင်း ထိုင်းနိုင်ငံတွင်း ယီတံတားကူးကဒ်ဖြင့် ရောက်ရှိနေသူများနှင့် မြဝတီဒေသခံများထံက သိရသည်။

ယနေ့ (မေလ ၁ ရက်)မှစ၍ ဂဏန်း ၁၀ လုံးပါ UID (Unique Identify Number) ပါရှိမှသာ နယ်စပ်ဖြတ်ကျော်ဂိတ်များမှတဆင့် တရုတ်၊ ထိုင်း၊ အိန္ဒိယတို့ကို ထွက်ခွာခွင့် ပြုတော့မည်ဖြစ်ကြောင်း ဧပြီလ ၄ ရက်နေ့မှစ၍ စစ်ကောင်စီလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

” ဒီနေ့ကနေ စပြီး စမက်ကဒ်စာရွက်ပါမှ မှတ်ပုံတင်နဲ့တွဲပြီးတော့ အတူပါမှပေါ့နော် အဲ့ဒီတော့မှ (ယာယီတံတားကူးလက်မှတ်/ အစိမ်းရောင်စာရွက်) စာရွက်ကို ထုတ်ပေးတော့တယ်။ အစ်မကတော့ မနေ့ကတည်းက ကူးလိုက်တယ်။ မနေ့ကထိ စမက်ကဒ် မလိုသေးဘူးလေ။ စမက်ကဒ် လုပ်ရတာက ပိုက်ဆံလုံးဝ မကုန်ဘူး၊ ဒါပေမယ့် စမက်ကဒ်က မနေ့က သွားလုပ်တာ လုံးဝ မရခဲ့ဘူး။ သူတို့က ကြာသပတေးချိန်းလိုက် တနင်္လာချိန်းလိုက် အင်္ဂါချိန်းလိုက်နဲ့ စိတ်ကုန်တယ်”ဟု ဧပြီလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာသည့် မြဝတီဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ (မေလ ၁ ရက်)တွင် ထိုင်း- မြန်မာချစ်ကြည်ရေးတံတား အမှတ် (၁) မှ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ရန်လာသည့် UID နံပါတ် မပါလာသူများကို အမှတ်(၁) တံတား၊ မြန်မာဘက်ခြမ်းက ထွက်ခွာခွင့် မပြုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ဝင်ရောက်လိုသော်လည်း စမက်ကဒ်/ UID နံပါတ် မရှိသူများအနေဖြင့် မြဝတီလဝကရုံးတွင် အဆိုပါကဒ်များ ပြုလုပ်သော်လည်း လူဦးရေများမှုနှင့် စက်ချို့ယွင်းမှု၊ လျှပ်စစ်မီး အခက်အခဲများကြောင့် ကြန့်ကြာမှုများ ကြုံနေရကြောင်း ဒေသခံများထံက သိရသည်။

” မြဝတီမှာတော့ အဓိက ထိုင်းပြန်တက်မယ့်သူတွေ များတယ်။ လူကများ၊ မီးက မမှန်၊ စက်ကလည်း ခဏခဏ ချို့ယွင်းနေတာတွေ ဖြစ်နေတယ်တဲ့” ဟု မြဝတီသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်း ယာယီတံတားကူးကဒ်ဖြင့် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားအချို့သည်လည်း ၎င်းတို့​၏ ယာယီတံတားကူးနေထိုင်ခွင့် ကဒ်များကို သက်တမ်းတိုးရန်အတွက် UID နံပါတ် ပါမှသာ သက်တမ်းတိုးခွင့် ရတော့မည်ဖြစ်သဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

စမက်ကဒ်/ UID နံပါတ်သည် နိုင်ငံအတွင်း နေထိုင်သည့် အသက် ၁၀ နှစ်နှင့်အထက် ရှိသူများ​၏ ကိုယ်ရေးအချက်အလက်များ၊ ဇီဝအချက်အလက်များကို ကောက်ယူ မှတ်ပုံတင်ထားပြီးနောက် ထုတ်ပေးသည့် ဂဏန်း ၁၀ လုံးပါ ကဒ်ပြားဖြစ်သည်။

သို့ရာတွင် လက်ရှိ၌ ကဒ် ရရှိသည်မဟုတ်ဘဲ ကဒ်ပုံသဏ္ဌာန် ရိုက်နှိပ်ထားသည့် စာရွက်သာ ထုတ်ပေးကြောင်း သွားရောက်ပြုလုပ်ခဲ့သည့် ဒေသခံထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)