နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

၁၁၂ ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ(ILC) ကို လာမည့် ဇွန်လ၌ ပြုလုပ်မှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံ အသိအမှတ်ပြုရန် ILO အပါအဝင် နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့အစည်းများကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အလေးအနက်ထားတောင်းဆိုလိုက်သည်။

လာမယ့်တစ်ပတ်အတွင်း အပူချိန်ပြောင်းလဲမှုများနှင့် ကြုံတွေ့နိုင်ရသည့် အတွက် ပြည်သူများ အနေဖြင့် သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာ ထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာက အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (၈/၂၀၂၄)ကို ဧပြီ ၃၀ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

NUG စိုးမိုးထိန်းချုပ်နယ်မြေများ၌ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း အခွန်ငွေ ကျပ်သန်းပေါင်း ၈၉,၈၈၄ သန်း (အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉၈သန်း) ကောက်ခံရရှိခဲ့ပြီး ယင်းအနက် ၆၀ ရာခိုင်နှုန်းကို အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး ပိုင်းတွင် သုံးစွဲခဲ့ကြောင်း NUG က ပြောသည်။

လက်ရှိ ခုခံတော်လှန်စစ်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်မှ စစ်ရေးအရ လွတ်မြောက်သည့် ဒေသများနှင့် ထိန်းချုပ်ဒေသများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတင်ကျင့်သုံးကြရန် NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကတိုက်တွန်း ပြောကြားထားသည်။

ကရင်နီပြည်နယ်ရှိ ရပ်ကွက်၊ကျေးရွာအများစုတွင် မြေမြှုပ်မိုင်းများအပါအဝင် အခြားမပေါက်ကွဲ သေးသော ကြွင်းကျန်စစ်သုံးပစ္စည်းများ အန္တရာယ်ကြီးမားနေကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့ ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ရှမ်းပြည်နယ်၊ မိုးမိတ်-တွင်းငယ် လမ်းမကြီးကို ဖြတ်သန်းပါက သက်ဆိုင်ရာ နယ်မြေ တော်လှန် ရေး အဖွဲ့ တာဝန်ရှိသူထံ သတင်းပို့ပြီးမှသာ သွားလာခွင့်ပြုမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား များ ဒီမိုကရက်တစ် တပ်ဦး က အသိပေးထုတ်ပြန်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ဒေါင်းတမာန်စခန်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၁ သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရုံးချုပ်တည်ရှိရာ ဒေါင်းတမာန်စခန်းတွင် မေလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် စစ်ကောင်စီတပ်က လူငယ် ၂၀ ဦးထက်မနည်းကို နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီ တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ရွှေဘိုခရိုင်တပ်ရင်း အမှတ်(၁၄)၊ YEU PDFက ယ‌နေ့( မေလ ၁ရက်) တွင် သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာတွင် အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေး မှူးတဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူနှင့် ဒေသခံထံက သိရသည်။

စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခု ၂၀၂၄ ခုနှစ် ဧပြီလအထိ ပြည်သူ ၉၃၄ ဦး၏ နေအိမ်ပိုင်ဆိုင်မှုများကို စစ်ကောင်စီကမတရားသဖြင့် သိမ်းယူခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ယနေ့ (မေလ ၁ ရက်)တွင် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ချီတက်သည့် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)တွင် မြန်မာ‌ရွှေ့ပြောင်း လုပ်သားများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဧပြီအတွင်း စစ်ကောင်စီတပ်​၏ လက်နက်ကြီးအပါအဝင် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ လေးဦးသေဆုံးကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်းပြီး “တူသံဟိန်းဟိန်း မိုးခြိမ်းခြိမ်း၊ အလုပ်သမားထု နိုးထကြ” စာသားပါ ဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

ကရင်နီနှင့် ရှမ်းတောင်က ရဲဘော်များ ပါဝင်သည့် KNDF က တိုးချဲ့ဖွဲ့စည်းလိုက်သော ဗျူဟာသစ် စစ်ဗျူဟာ အမှတ် (၇) ၏ အပတ်စဥ် (၁) အခြေခံ စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်နယ်၊ ဒီမောဆို မြိုနယ် အရှေ့ခြမ်း တနေရာတွင် ဧပြီ ၃၀ ရက်က သင်းတန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ် ၊ ကန်ပတ်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင်ရှိသည့် အကြမ်းဖက်စစ်တပ်၏ ကျင်ဒွေး မြို့မ စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက ၅၄ ရက်အကြာ တိုက်ခိုက်ပြီးနောက် စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင်လမ်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ် အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်း တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံနှင့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်မှာ အရပ်ဝတ်ဖြင့် ငွေလာလွှဲသည့် ဒုရဲအုပ်တဦးကို ပြည်သူ့ကာကွယ်ရေး (KPDF)တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း ဖားကန့် KPDF တပ်ဖွဲ့ဝင် တဦးက ဆိုသည်။

စစ်ကောင်စီ

မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့မှ သံအမတ်ကြီး ဦးအောင်မင်းဦးသည် ဧပြီ ၃၀ ရက်တွင် ဆားဘီးယား နိုင်ငံသမ္မတ H.E Mr. Aleksandar Vucic က ဘဲလ်ဂရိတ်မြို့အခြေစိုက် အာရှနိုင်ငံသံရုံး များမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများကို တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး အဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်၊ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Basement ၆ ထပ် ဈေးရုံကြီး (၁) ရုံပါရှိသည့် တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်း ဆိုင်ရာ လုပ်ငန်း အကျိုးတူပူး‌ပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ် လက်မှတ် ရေးထိုး လိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေးလုပ်ဆောင်နေသည်ဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မေ ၁ ရက် သုံးသပ်ချက်

ဒီမိုကရေစီကို ဖျက်ဆီးပြီးမှ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေးလုပ်ဆောင်နေသည်ဟု အာဏာလု မင်းအောင်လှိုင် မှ ပြောဆိုလာသည့်အတွက် အရှက်မရှိ ပြောထွက်ရဲသည်ဟု ဆိုရမည်ဖြစ်သည်။