ဒီပဲယင်းတွင် လေကြောင်းမှတိုက်ခိုက်ခံရမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး

ဓာတ်ပုံ- ပုံဟောင်း

ဓာတ်ပုံ- ပုံဟောင်း

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့တောင်ခြမ်းရှိ မန်ကျီးအုပ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးနှင့် အရပ်သား တဦးသေဆုံးပြီး ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ (မေလ ၁၁ ရက်) မွန်းလွဲ ၂ နာရီခန့်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသုံးလုံး ကြဲချတိုက် ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးရဲဘော်က ဆိုသည်။

“ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ လို့ယူဆရတဲ့ ဗုံးသုံးလုံး ကြဲချသွားတာပါ။ ရွာအဝင်ဇရပ်နဲ့ ရွာဘေးကို ကြဲချသွားတာ ဖြစ်ပါတယ်။ ဗုံးကြဲပြီးနောက် စက်သေနတ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်။ သေဆုံးတာ ကတော့ ရဲဘော်လေးဦးနဲ့ အရပ်သားတဦးပါ၊ ဒဏ်ရာရသူတွေကတော့ အရပ်သားတွေရော ရဲဘော်တွေ ရောပါ” ဟု ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာကို ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦး ကပြောသည်။

“ရွာကဒေသခံတွေအကုန် ကြောက်လန့်တကြား ဖြစ်သွားတယ်။ သေဆုံးသူတွေရော၊ လက်ပြတ်ခြေပြတ် တွေရော ၊ ဟိုဘက် ဒီဘက် ပေါက်ထွက်သွားသူတွေရော အတော်များပါတယ်။ ဗုံးကွဲခဲ့တဲ့နေရာက လူကြီး တရပ်မြုပ်တယ်။ အတောင် ၅၀ ပတ်လည်က နေအိမ်တွေ၊ အပင်တွေ အကုန်ပြတ်ထွက်သွားတယ်” ဟု ဒေသခံအမျိုးသားတဦးက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် လက်ရှိအချိန်ထိ သေဆုံးသူငါးဦးရှိပြီး အရေးပေါ် ဆေးရုံတင်ထားရသူ ၁၅ ဦးရှိကြောင်း ကူညီဆောင်ရွက်ပေးနေသော ဒေသခံတဦးက မဇ္စျိမ ကိုပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဒေသခံအများစုသည် စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံတိုက်ခိုက် မည်ကိုစိုးရိမ်ကာ နီးစပ်ရာကျေးရွာများသို့ စစ်ရှောင်နေရကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့များက ဒီပဲယင်းမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု သတင်းများထွက်ပေါ်ပြီးနောက် တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်များက ပြောဆိုကြသည်။

စာတည်း။ ။စောဖေ