အိန္ဒိယ – မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည်ဟု ပြည်ထဲရေးဝန်ကြီး ထပ်မံပြောဆို

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယနှင့် မြန်မာနိုင်ငံ နယ်စပ်တလျောက် ဗဟိုအစိုးရ၏ အစီအစဥ် ဖြင့် ခြံစည်းရိုးခတ်မည်ဟု ပြည်ထဲရေးဝန်ကြီး အမစ်ရှား က ထပ်မံပြောဆို လိုက်ကြောင်း All India Radio News က ဖော်ပြ သည်။

အာသံပြည်နယ် ၊ ဂဝါတီးမြို့တွင် ဇန်နဝါရီလ ၂၀ရက် က ကျင်းပပြုလုပ်သည့် အာသံ ကွန်မန်ဒိုရဲတပ်ဖွဲ့ စစ်ရေးပြအခမ်းအနားတွင်ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အာသံက မိတ်ဆွေတွေကိုပြောလိုတာက ဘင်္ဂလားဒေရှ့်နဲ့ အိန္ဒိယအကြားခြံစည်းရိုး ခတ်သလိုမျိုး မြန်မာနဲ့ အိန္ဒိယအကြားမှာလည်း ခြံစည်းရိုးခတ်ဖို့ နာရင်ဒြာမိုဒီ အစိုးရက ဆုံးဖြတ်ထားပြီးဖြစ်တယ်ဆိုတာအသိပေးလိုပါတယ်” ဟု ပြည်ထဲရေး ဝန်ကြီးကပြောသည်။

၎င်းအပြင် မြန်မာအစိုးရနှင့်နှစ်ပေါင်း ၄၀ကျော် သဘောတူကျင့်သုံးခဲ့သည့် နယ်စပ်ပိုင်နက်တဖက်ချင်း စီ၏ ၁၆ကီလိုမီတာအတွင်း ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာခွင့် (Free Movement Regime) သည်လည်း မကြာခင်အဆုံးသတ်တော့မည် ဖြစ်ကြောင်းဆိုသည်။

ယင်းသို့ နှစ်နိုင်ငံအကြား ခြံစည်းရိုးခတ်မည်အစီအစဥ်ကို ယခုနှစ်ဆန်းပိုင်းတွင် အိန္ဒိယ ဗဟိုအစိုးရမှ ထုတ်ဖော်ပြောကြားပြီးနောက် ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီး က ထပ်မံပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါအစီအစဥ်နှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လားလ်သုအောမ်မာ က ခြံစည်းရိုးခတ်မှာကို လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အလားတူ နာဂလဲန်းပြည်နယ် ဒုဝန်ကြီးချုပ်ကလည်း မြန်မာပြည်တွင် နာဂပြည်သူ များနေထိုင်ကြပြီး ယခုကျင့်သုံးသည့် နယ်စပ်မျဥ်းပေါ်တွင် အချို့နေအိမ်သည် အခန်းတခန်းက အိန္ဒိယဖက်တွင်တည်ရှိပြီး အခြားအခန်းတခုက မြန်မာပြည်ဖက်တွင် ရှိသောကြောင့် ခြံစည်းရိုးခတ်မည်အစီအစဥ်ကို ၎င်းတို့အနေနဲ့လက်မခံကြောင်း ဇန်နဝါရီလ ၈ရက်နေ့တွင်ထုတ်ဖော်ပြောဆိုထားသည်။

၂၀၂၁ခု နိုဝင်ဘာလ၁၃ရက်နေ့တွင် မဏိပူရ ပြည်နယ်အတွင်း အာသံရိုင်ဖယ်ယာဥ် တန်းတခုတိုက်ခိုက်ခံခဲ့ရာတွင် ဗိုလ်မှူးကြီးတဦး၊၎င်း၏ ဇနီး ၊ကလေးနှင့်အတူအရာရှိလေးဦး သေဆုံးခဲ့သည်။

အဆိုပါတိုက်ခိုက်သူများသည် မြန်မာပြည်ဘက်မှလာရောက်တိုက်ခိုက်ပြီး မြန်မာပြည် ဘက်သို့ပြန်သွားသည့် အိန္ဒိယနိုင်ငံကိုတော်လှန်သူများဟု ယူဆခဲ့သဖြင့် ပြည်နယ် ဝန်ကြီးချုပ်က ခြံစည်းရိုးခတ်မည့် အစီအစဥ်ကိုထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဒေသခံအချို့က ယူဆကြသည်။

၎င်းနောက်ပိုင်း NLD အစိုးရလက်ထက်တွင် နှစ်ဖက်တာဝန်ရှိသူများ နယ်မြေ တိုင်းထွာခြင်းအစီအစဥ်များပြုလုပ်ခဲ့သော်လည်း နှစ်ဖက်ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး အစီအစဥ်ရပ်ဆိုင်းခဲ့ရကြောင်း တမူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် တဦးကပြောသည်။

ခြံစည်းရိုးခတ်မည်အစီအစဥ်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရသည့် ကိစ္စဖြစ်ပြီး စစ်ကောင်စီက မည်သို့တုံ့ပြန်မည်ကိုမသိရသော်လည်း နယ်မြေအချို့သည် တော်လှန်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသဖြင့် အကောင်အထည်ဖော်ရန် မလွယ်ကြောင်းဆိုသည်။

မဏိပူရပြည်နယ် ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါး ၊ တရားမဝင် ကုန်သွယ်မှုနှင့် တရားမဝင်ရွှေ့ပြောင်းနေထိုင် သူများထိန်းချုပ်နိုင်ရန်အတွက်ခြံစည်း ရိုးခတ်ရန်လိုအပ်ကြောင်းကို ဗဟိုအစိုးရထံ တင်ပြတောင်းဆိုခဲ့ဖူးသည်။

လွန်ခဲ့သည့် နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တိုက်ပွဲ များအတွင်း စစ်ကောင်စီတပ်သား ဦးရေ ၇၀၀နီးပါး အိန္ဒိယနိုင်ငံထဲ သို့ ထွက်ပြေးခိုလှုံမှုများဖြစ်ပေါ်နေသောကြောင့် ယခုကဲ့သို့ ခြံစည်းရိုးခတ်မည့် အကောင်အထည်ဖော်ရန် ပြောဆိုလာခြင်းဖြစ်နိုင်ကြောင်း စစ်ရေးအကဲခတ်သူ တဦးက မှတ်ချက်ပြုသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံသည် မီဇိုရမ် ၊ မဏိပူရ ၊ နာဂလဲန်း နှင့် အရူနာချာပရာဒေ့ရှ် ပြည်နယ်များနှင့် နယ်စပ်ချင်းထိစပ်နေပြီး ကီလိုမီတာ ၁,၆၄၃ဆက်စပ်လျက် ရှိကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး