ကျုံအိတ်တံတား မိုင်းခွဲခံရပြီး ရန်ကုန်- မော်လမြိုင်ရထားနှင့်လေကြောင်းခရီးစဉ်လက်မှတ်များ အရောင်းသွက်

ပုံအညွှန်း- ယနေ့နံနက်ပိုင်း မိုင်းခွဲခံလိုက်ရသည့် ကျုံအိတ်တံတား

ပုံအညွှန်း- ယနေ့နံနက်ပိုင်း မိုင်းခွဲခံလိုက်ရသည့် ကျုံအိတ်တံတား

YT

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့နှင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့ကို ဆက်သွယ်ထားသည့် ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ကားလမ်းအသုံးပြု၍ မရတော့သဖြင့် ရထားနှင့် လေကြောင်းခရီးစဉ်လက်မှတ်များ အရောင်းသွက်နေကြောင်း မော်လမြိုင်လေဆိပ်ထံက သိရသည်။

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြရှိ ကျုံအိတ်တံတားသည် ယနေ့ မေလ ၁၁ ရက်နေ့၊ နံနက် ၄ နာရီဝန်းကျင်အချိန်က မိုင်းခွဲဖျက်ဆီးခံလိုက်ရပြီး တံတားတစင်းလုံး အသုံးပြု၍ မရတော့သည်အထိ ပျက်စီးသွားခဲ့သဖြင့် လတ်တလော၌ ရန်ကုန်- မော်လမြိုင်ကားလမ်းကို အသုံးပြု၍ မရတော့ကြောင်း သိရသည်။

သို့ဖြစ်၍ ခရီးသွားပြည်သူများသည် လေကြောင်း၊ ရထားခရီးစဉ်များကို ပြောင်းလဲအသုံးပြုလာကြရာ မော်လမြိုင်- ရန်ကုန် လေကြောင်းခရီးစဉ်လက်မှတ်များသည် မေလ ၁၆ ရက်နေ့အထိ ရောင်းကုန်နေပြီဖြစ်ကြောင်း သိရသည်။

” ၁၆ ရက်နေ့အထိ ပြည့်သွားပြီ၊ သွားမယ့်သူတွေဆိုရင် ၁၇ ရက်နေ့ကပဲ စရတော့တယ်။ အဲ့ဒါလည်း ဝယ်တဲ့သူ တော်တော်များနေတယ်” ဟု မော်လမြိုင်လေဆိပ်ဝန်ထမ်းတဦးက ပြောသည်။

အလားတူ ရန်ကုန်- မော်လမြိုင် ယနေ့ ရထားခရီးစဉ်များသည်လည်း ခုံများ ကုန်သွားသည့်အပြင် အောက်စိုက်ကြေးများဖြင့် ရထားစီးသူ အများအပြားရှိကြောင်း ခရီးသွားများထံက သိရသည်။

” ငါးပိသိပ်သလို သိပ်လာတာ ရထားပေါ်မှာ၊ ကျွဲခြံကနေ စစီးတာတောင် ပြည့်ကျပ်နေတာပဲ။ လိုင်းကားစီးနေသလိုပဲ” ဟု ခရီးသွားတဦးက ပြောသည်။

အလားတူ ခရီးသွားဒေသခံတဦးကလည်း ” ခွေးလို နွားလို တိုးကြိတ်ထည့်ပြီး လာသမျှလူအကုန်တင်လာတာ။ လက်မှတ်ဖိုးကျ အပြည့်ထက်မက ယူပြီး ထိုင်စရာ နေရာမပြောနဲ့၊ ခြေချစရာနေရာတောင်မရှိဘူး။ ကျိုက်ထိုကနေ စတက်လာပြီး မခံနိုင်တဲ့အဆုံး သထုံမှာဆင်းပြီးနောက်ဆုံး မော်လမြိုင်ကို ကားငှားစီးလာလိုက်ရတယ်” ဟု ၎င်း​၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။

ထို့ပြင် သုံးရက်ကြိုရောင်းသည့် မော်လမြိုင်- ရန်ကုန် ရထားလက်မှတ်များသည်လည်း မေလ ၁၄ ရက်နေ့အထိ လက်မှတ်များ ပြည့်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်- မော်လမြိုင်- ဘားအံ ကားလမ်းခရီးစဉ်များအတွက် လက်မှတ်များ အရောင်းရပ်နားထားကြောင်း ယာဉ်လိုင်းအချို့ထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)