လက်ထုတ္တောကျေးရွာ၌ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သူ ၃၃ ဦးတွင် ကြံ့ခိုင်ရေးပါတီဝင် ၁၀ ဦးပါဝင်

စစ်ကောင်စီစစ်ကြောင်းက လထုတ္တောကျေးရွာ မီးရှို့ခဲ့ပြီးနောက် တွေ့ရစဉ်

စစ်ကောင်စီစစ်ကြောင်းက လထုတ္တောကျေးရွာ မီးရှို့ခဲ့ပြီးနောက် တွေ့ရစဉ်

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အနောက်ခြမ်းရှိ လထုတ္တောကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ ဒေသခံ ၃၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ သေဆုံးသူများထဲတွင် ကြံ့ခိုင်ရေးပါတီဝင် ၁၀ ဦး ပါဝင်ကြောင်း သိရသည်။

“ရွာကို ဝိုင်းထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်လာတယ်။ ရွာဦးဘုန်းကြီးကျောင်းမှာစုနေတဲ့ ဒေသခံ များစု အသတ်ခံခဲ့ရတာပါ။ သေနတ်နဲ့ တယောက်ခြင်း သိမ်ထဲကနေဆွဲခေါ်ပြီး ပစ်သတ်သွားတာ” ဟု ဒေသခံ ပ.အ.ဖ က ဆိုသည်။

စစ်ကောင်စီစစ်ကြောင်း ရွာအတွင်းသို့ဝင်ရောက်လာကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တို့မှ သတိပေးသော်လည်း ကြံ့ခိုင်ရေးပါတီဝင်များမှာ ၎င်းတို့ကို အန္တရာယ်ပြုမည် မထင် သောကြောင့် တိမ်းရှောင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

“စစ်ကြောင်းဝင်လာတဲ့သတင်းကို ပအဖနဲ့ ပကဖတွေက ရွာကိုသတင်းပို့တယ်။ ကြံ့ခိုင်ရေးပါတီဝင်တွေက သူတို့ကို ဘာမှမလုပ်ဘူးထင်ပြီး မရှောင်ကြဘူး။ စစ်ကြောင်းနဲ့ထိပ်တိုက်တွေ့ပြီး ခေါင်းဆောင်အပါအဝင် ၁၀ ဦးလုံးကို တယောက်ခြင်း ခေါ်ထုတ်ပြီး ပစ်သတ်ခဲ့တာ” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

လထုတ္တောကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှု ကြောင့် အသက် ၈၃ နှစ်အရွယ် အဖွားအိုတဦးအပါဝင် အသက် ၁၅ နှစ်မှ အသက် ၈၃ အတွင်း သေဆုံးသူ ၃၃ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၁ ဦးရှိကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

သေဆုံးသွားသူများအား အခင်းဖြစ်ပွားခဲ့သော မေလ ၁၁ ရက်နေ့တွင်ပင် အနီးဝင်းကျင်ရှိကျေးရွာတခု၏ သုသာန်တွင်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

“ရွာထဲကို ဝင်လို့ရတဲ့အချိန်မှာ အလောင်းတွေဝင်ကောက်ရတယ်။ လှည်းတွေ၊ ကားတွေနဲ့သယ်ပြီး တခြား ရွာက သုသာန်တခုမှာ မြေမြှုပ်ခဲ့ရတာပါ။ အကုန်လုံးက ကြောက်လန့်ပြီးထွက်ပြေးနေရတော့ ကာကွယ် ရေး ရဲဘော်တွေနဲ့ မိသားစုဝင်တချို့နဲ့ပဲ မြေမြှုပ်သင်္ဂြိုလ်ခဲ့ရတယ်” ဟု လုပ်ကိုင်ဆောင်ရွက်ခဲ့သူတဦးက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းတွင် ခန့်မှန်းအင်အား ၈၀ ခန့်ရှိပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် (န.မ.ခ) ၊ ကင်မွန်းတော ပျူစခန်းနှင့် ဂွေးပင်တောပျူစခန်းများမှ ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး ရွာကိုအကြောင်းမဲ့ဝင် ရောက်ကာဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် လထုတ္တောကျေးရွာမှ ဒေသခံ ၁၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရေပိုးစားကျေးရွာမှ စစ်တပ်ဂိတ်အရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

“စစ်သားတွေကိုရွံမုန်းပြီး အသံကိုမကြားချင်အောင်ပါဘဲ။ အစုလိုက်အပြုံလိုက် သတ်ခံရတဲ့မြင်ကွင်းကြီး မြင်ပြီး ရင်ထဲမှာမကောင်းဘူး။ ဒင်းတို့ကို ဘယ်လိုနည်းနဲ့ တိုက်ရတိုက်ရ တိုက်ချင်တာ။ မီးတွေရှို့ပြ၊ လူ တွေသတ်ပြလေ ပိုပြီးရွံမုန်းလေပဲ” ဟု လထုတ္တောကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသမီးတဦးကဆို သည်။

လထုတ္တောကျေးရွာသို့ဝင်ရောက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော စစ်ကောင်စီစစ်ကြောင်း သည် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သလို ကျေးရွာလူထုမှီခိုနေရသည့် သောက်ရေတွင်းကိုပါ ဖျက်ဆီးခဲ့ သည့်အတွက် ဒေသခံများ သောက်ရေ အခက်အခဲရှိနေကြောင်း သိရသည်။

“တရွာလုံးသုံးနေတဲ့ ရေတွင်းကိုပါဖျက်ဆီးသွားတာ။ အခု ဒေသခံအကုန်နီးပါးက တောထဲမှာ စစ်ရှောင် နေရတယ်၊ နေကပူပြီး သောက်သုံးရေမရှိတော့ တော်တော်လေး ဒုက္ခရောက်နေကြတယ်” ဟု စစ်ရှောင် ဒေသခံက ဆိုသည်။

လထုတ္တောကျေးရွာသည် ယခင်က အိမ်ခြေ ၇၂၀ ခန့် ရှိသည့် ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်၏ ၂၀၂၃ ခုနှစ်က ပထမအကြိမ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် နေအိမ် ၅၄၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး ယခု မီးရှို့မှု ဖြစ်စဉ်တွင် အိမ်ခြေအရေအတွက် အတိအကျ မသိရသေးကြောင်း ရပ်ကျေးပအဖထံမှ သိရသည်။

စာတည်း။ ။စောဖေ