မိုးကုတ် ထိုးစစ်ကို ကွပ်ကဲနေသည့် TNLA ဒု-စစ်ဦးစီးချုပ်

ပုံအညွှန်း = ရှေ့တန်းတွင် မြင်တွေ့ရသည့် TNLA ဒု-စစ်ဦးစီးချုပ် (Photo-Mai A Hein)

ပုံအညွှန်း = ရှေ့တန်းတွင် မြင်တွေ့ရသည့် TNLA ဒု-စစ်ဦးစီးချုပ် (Photo-Mai A Hein)

009

(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ထိန်းချုပ်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်စခန်းများကို အရှိန်မြင့်ထိုးစစ်ဆင်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စစ်ကြောင်းများကို စစ်မြေပြင်မှ ကိုယ်တိုင်ကွပ်ကဲနေသူသည် TNLA၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားမုံကျော့ ဟု သိရသည်။

ယမန်နေ့(ဇွန်လ ၂၇)တွင် မိုးကုတ်မြို့ကို နောက်ခံထားပြီး ကုန်းမြင့်တနေရာမှ မြေပြင်စစ်ကြောင်းများကို တိုက်ရိုက်အမိန့်ပေး ကွက်ကဲနေသည့် ဗိုလ်မှူးကြီး တားမုံကျော့ ၏ ဓာတ်ပုံများ ဒေသတွင်း သတင်းကြည့်ရှုသူများထံ ပျံ့နှံ့ခဲ့သည်။

စစ်ဒေသ ခြောက်ခုနှင့် တပ်မဟာ ခုနစ်ခုရှိသည့် TNLA ၏ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် စစ်ဦးစီးချုပ်ပြီးရင် ဒုတိယ အာဏာအရှိဆုံး စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး တားမုံကျော့သည် အသက် ၃၅ နှစ်ခန့်အရွယ်သာရှိသေးသည့် လူငယ်တဦးဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအဖြစ် တကျော့ပြန် TNLA ၏ ထိုးစစ်တွင် ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး မိုးကုတ်မြို့အနီးရှိ ဒေါ်နန်းကြည်တောင်၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ရှိ တပ်စခန်းများနှင့် မိုးကုတ် မြို့ပေါ်ရဲစခန်းတို့ကို သိမ်းပိုက်ထားသည့် စစ်ကြောင်းများကို ဗိုလ်မှူးကြီး တားမုံကျော့ တိုက်ရိုက်ကွက်ကဲထားသည်။

လတ်တလော TNLA တပ်ဖွဲ့များ မိုးကုတ်မြို့တွင်းကို ဝင်ရောက်နိုင်ပြီး စစ်ကောင်စီ လက်ကျန် ခြေလျင်တပ်ရင်း အမှတ်(၈၈) အမှတ်(၁၄၈) တို့ကို ဆက်လက်ချေမှုန်းနေသည်။

၂၀၂၃ အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ဗိုလ်မှူးကြီး တားမုံကျော့သည် TNLA ၏ စစ်ရေးချုပ် စစ်ဦးစီးမှူးအဖြင့် စစ်ကောင်စီတပ်၏ အရေးကြီးသည့် တပ်စခန်းကြီးများနှင့် မြို့များကို တိုက်ရိုက်ကွပ်ကဲပြီး သိမ်းပိုက်ခဲ့သည်။

ဘိန်းဘုရင် ခွန်ဆာ လက်ထက် အခိုင်အမာတည်ဆောက်ထားသည့် လားရှိုးမြို့နယ် မိုးယော်တိုက်နယ်ရှိ မိုင်းကျက်တပ်စခန်းကို လက်ဆင့်ကမ်းရယူထားသည့် စစ်ကောင်စီတပ်ကို ဗိုလ်မှူးကြီး တားမုံကျော့က တလတိတိတိုက်ခိုက် ချေမှုန်းနိုင်ခဲ့သည်။

ထိုမိုင်းကျက်တပ်စခန်းသည် ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တည်ရှိရာ သံလွင်မြစ်၏ တဖက်ကမ်း အရှေ့ဘက် လားရှိုး၊ သိန္နီနှင့် တန့်ယန်းတို့ မြို့နယ် သုံးခုထိစပ်နေသည့် နေရာဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့၏ ရှေ့တန်းခုခံစစ်အတွက် အလွန်အရေးပါသည့် အခိုင်အမာတပ်စခန်းဖြစ်သည်။

TNLA သိမ်းပိုက်ထားသည့် မြို့နယ် ခုနစ်ခု၏ နိုင်ငံထွက်ပေါက် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်း မြို့သိမ်းတိုက်ပွဲတွင် ဗိုလ်မှူးကြီး တားမုံကျော့က တိုက်ရိုက် ကွက်ကဲခဲ့သည်။

လတ်တလောတွင် နမ့်ခမ်း-တရုတ်နယ်စပ် ဂိတ်ပေါက်မှ TNLA ထိန်းချုပ်နယ်မြေများအားလုံးရှိ အဖိုးတန် သတ္တုများ၊ ဒေသတွင်း အဓိကထုတ်လုပ်သည့် စျေးကွက်ကြီးသည့် မီးသွေးများနှင့် ကုန်ပစ္စည်းများ အပြန်အလှန် ကုန်သွယ်ရေးလုပ်နိုင်သည်။

ထို့အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကွတ်ခိုင်ဗျူဟာနှင့် တပ်ရင်း သုံးခုအတွင်း သေနတ်မဖောက်ဘဲ ဗိုလ်မှူးကြီး တားမုံကျော့က ကွတ်ခိုင်ခရိုင်ကို သိမ်းပိုက်ခဲ့သည်။

၂၀၂၄ ဇန်နဝါရီ ၁၁ ရက်နေ့တွင် တရုတ်၏ ကြားဝင်မှုဖြစ် ၁၀၂၇ စစ်ဆင်ရေး ယာယီအပစ်ရပ်စဲခဲ့ပြီး ဗိုလ်မှူးကြီး တားမုံကျော့သည် စစ်ဦးစီးမှူးမှ ဒု-စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးခံရသည်။

တကျော့ပြန် TNLA ၏ ထိုးစစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ ထိန်းချုပ်သိမ်းပိုက်နိုင်ရေးကိုလည်း ဒု-စစ်ဦးစီးချုပ်မှ တိုက်ရိုက်ကွပ်ကဲမည်ဟု သိရသည်။

ဗိုလ်မှူးကြီး တားမုံကျော့ နေရာတွင် ဆက်ခံသည့် လက်ရှိ စစ်ရေးချုပ် စစ်ဦးစီးမှူး ဗိုလ်မှူးကြီး တားမဝေါ သည်လည်း နောင်ချို၊ ကျောက်မဲမြို့တို့ ကို ထိန်းချုပ်သိမ်းပိုက်နိုင်ရေးအတွက် စစ်မြေပြင်တွင် တိုက်ရိုက်အမိန့်ပေး ကွပ်ကဲနေသည်။

ကျောက်မဲအခြေစိုက် စကခ (၁) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး ၎င်းတို့ထံ လက်နက်ချခဲ့ကြောင်းနှင့် ထိုစစ်သည်များကို အသက်အာမခံချက်ပေးမည်၊ လွတ်မြောက်နယ်မြေတွင် ထိန်းသိမ်းပြုစုထားမည်နှင့် လမ်းစရိတ်အပြည့်အ၀ ထုတ်ပေးကာ ပြန်လွှတ်ပေးမည်ဟု TNLA စစ်ဦးစီးမှူး ဗိုလ်မှူးကြီး တားမဝေါ ပြောဆိုမှုကို TNLAက ဇွန်လ ၂၆ ရက်တွင် ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့သည်။

ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားမုံကျော့နှင့် စစ်ဦးစီးမှူး ဗိုလ်မှူးကြီး တားမဝေါ တို့ နှစ်ဦးသည် TNLA စစ်ဦးစီးချုပ် တားဟိုပလန် ၏ လက်ရုံးတော်များဖြစ်ကြဟု ပြောဆိုကြသည်။

စာတည်း – သန့်ဇော်(သန်လျင်)