စစ်ကောင်စီတပ်မီးရှို့၍ ကျွဲကျကျေးရွာက နေအိမ် ၇ လုံးမီးလောင်ပျက်စီး

ပုံအညွှန်း -- မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျွဲကျရွာအတွင်းမှ နေအိမ်များ

ပုံအညွှန်း — မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျွဲကျရွာအတွင်းမှ နေအိမ်များ

MTO

မဇ္ဈိမ။ ။ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ ကျွဲကျ ကျေးရွာကို အင်အား ၁၀၀ ခန့် ရှိ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းက နေအိမ်များကို မီးရှို့မှုကြောင့် နေအိမ် ခုနစ်လုံး ပျက်စီးသွားကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

မတ်လ ၁၁ ရက်၊ မနက် ၅ နာရီတွင် မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာမှ ထွက်လာသည့် ထိုစစ်ကြောင်းသည် မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများဖြစ်သည့် သပြေလှ ၊ ကျွဲကျ ကျေးရွာများဘက် သို့ စစ်ကြောင်းထိုးလာပြီးနောက် ထိုသို့မီးရှို့သွားခြင်းကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ပြောသည်။

ပုံအညွှန်း -- မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျွဲကျရွာအတွင်းမှ နေအိမ်များ

“ မနက် ၇ နာရီလောက်မှ စရှို့ တာ နေအိမ် ခုနစ်လုံး နဲ့ ဆိုင်ကယ် တစီးမီးထဲပါသွားတယ်” ဟု ၎င်းက ပြောသည်။

မတ္တရာမြို့နယ်ရှိ ကျေးရွာများကို မကြာခဏ စစ်ကြောင်း ထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်သည့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများလည်း ပြုလုပ်သဖြင့် ဒေသခံများ သတိဖြင့် နေထိုင်ကြရန်လည်း ကိုဘိုတောက်က ဆိုသည်။

ကျွဲကျကျေးရွာကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ကျွဲကျကျေးရွာမှ တဆင့် ငါးလုံးပြွန်ကျေးရွာသို့ စစ်ကြောင်းထိုးပြီးနောက် တဆင့် မတ္တရာမြို့ ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း ဒေသခံများထံက သိရသည်။

ပုံအညွှန်း -- မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျွဲကျရွာအတွင်းမှ နေအိမ်များ

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ ကလည်း မတ္တရာမြို့ပေါ် ဘောလုံးကွင်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ က ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း Wetlet Information Network အဖွဲ့ က ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် မတ်လ ၉ ရက်တွင် ချောင်းတော်ဝကျေးရွာမှ စာသင်ကျောင်း အပါအဝင် နေအိမ်အလုံး၂၀ နှင့် မတ်လ ၁၀ ရက်တွင် ဥဒိန်ရွာရှိ နေအိမ် ၃၅ လုံး ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး