တရုတ်ချည်ကို အသုံးပြုရန် Temu ကုမ္ပဏီက အထည်ပေးသွင်းသူများကို တွန်းအားပေး

Breitbart

တရုတ်၏ ဈေးချိုသော ကုန်စည်ပစ္စည်း ထုတ်လုပ်ရာ Temu ကုမ္ပဏီသည် ချည်ထည်အများစုက အရှေ့တာကစ္စတန်မှ ထုတ်လုပ်ခြင်း ဖြစ်သည့်ကြားမှ ၎င်းတို့၏ ထုတ်ကုန်များတွင် တရုတ်ချည်ထည်များကို အသုံးပြုရန် အထည်ပေးသွင်းသူများအား “တွန်းအားပေး” ထားကြောင်း နည်းပညာသတင်းဝက်ဘ်ဆိုက် The Information က ကြာသပတေးနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ၍ ကျွန်လုပ်သားများနှင့် မကင်းသော ပစ္စည်းများ အသုံးပြုနေသည့် ဘေးကို မျက်ကွယ်ပြုနေပုံ ရသည်။

တရုတ်အွန်လိုင်းကုမ္ပဏီ Pinduoduo နှင့် ပေါင်းစည်းထားသော Temu ကုမ္ပဏီသည် အမေရိကန်ကုန်သွယ်မှု၌ စိုးမိုးထားပြီး Super Bowl ads သုံးခုဝယ်ရန် ဖေဖော်ဝါရီလအတွင်းက ဒေါ်လာသန်းချီ သုံးစွဲခဲ့ကာ ကူပွန်နှင့် အခြားသော မေတ္တာလက်ဆောင်များအတွက် ဒေါ်လာ ၁၅ သန်း ကုန်ကျခံခဲ့သည်။ ယင်းကုမ္ပဏီသည် အိမ်ထောင်စုပစ္စည်းများ၊ အဝတ်အထည်များနှင့် အခြားသော အခြေခံကုန်စည်များကို လျှော့ဈေးဖြင့် ရောင်းချကာ အမေရိကန်ပြိုင်ဘက်များထက် ဈေးပြိုင်လျှော့ရောင်းပြီး ဝယ်သူထံ တိုက်ရိုက်တင်ပို့နေခြင်း ဖြစ်သည်။ ယင်းသို့လုပ်ဆောင်ခြင်းအားဖြင့် သွင်းကုန်များတွင် ကျွန်လုပ်သားများ မပါဝင်ဟု တင်သွင်းသူများက သက်သေမပြနိုင်လျှင် အရှေ့တာကစ္စတန်မှ သွင်းကုန်အားလုံးအား တားမြစ်သည့် ဝီဂါ အတင်းအကျပ်အလုပ်စေခိုင်းမှု တားဆီးရေး အက်ဥပဒေ UFLPA အရ စေ့စပ်စစ်ဆေးမှုများကို ရှောင်ရှားနေခဲ့သည်။ UFLPA အရ ဒေါ်လာ ၈၀၀ အောက် တန်ဖိုးရှိ တင်ပို့မှုများ အကျုံးမဝင်ပေ။

အရှေ့တာကစ္စတန်သည် တိုင်းရင်းသား ဝီဂါနှင့် အချို့သော အခြား တာကစ်လူနည်းစုများ၏ ဇာတိဖြစ်သည်. မော်စီတုံး လက်အောက်တွင် ကိုလိုနီပြုခံရပြီး “ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်” အဖြစ် သတ်မှတ်ခံရသည်။ တိုင်းရင်းသားဒေသခံများသည် ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံခြင်းကို ရင်ဆိုင်ရပြီး လက်ရှိ အာဏာရှင် ရှီကျင့်ဖျင်လက်ထက်၌ လုံးလုံးလျားလျား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၂၀၁၃ က အာဏာယူချိန်မှစကာ ရှီကျင့်ဖျင်သည် ဟန်လူမျိုး မဟုတ်သူများအား ထားရှိရန် အကျဉ်းစခန်း ရာပေါင်းများစွာကို တည်ဆောက်ခဲ့သည်။ အဆိုပါ စခန်းများမှ လူများက ၎င်းတို့၏ အဓိက အစ္စလာမ်ဘာသာကို အတင်းအကျပ် စွန့်လွှတ်စေပြီး ရှီကျင့်ဖျင်ကို ဆည်းကပ်စေကြောင်း၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း၊ လျှပ်စစ်ကိရိယာများ သုံးခြင်း၊ အတင်းအကျပ် သားကြောဖြတ်ခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်း၊ အလွန်အမင်း နှိပ်စက်ခြင်းနှင့် ကျွန်ပြုကဲ့သို့သော ရက်စက်ကြမ်းကြုပ်မှုများသည် ပြောမထွက်အောင် ဆိုးဝါးကြောင်း ပြောဆိုကြသည်။ သက်သေတော်တော်များများကလည်း အဆိုပါ စခန်းအချို့တွင် ကိုယ်လက်အင်္ဂါများ ခိုးယူရန် ရောင်းချရန်အတွက် သတ်ဖြတ်ခံရခြင်းများ ရှိနေကြောင်း ဖော်ပြနေသည်။

တရုတ်ကွန်မြူနစ်ပါတီကမူ ယင်းစခန်းများသည် “အသက်မွေးမှုနှင့် ပညာသင်ကြားရေး” စင်တာများ ဖြစ်ကြောင်း နှစ်အတော်ကြာ အလေးအနက်ဆိုပြီး ယင်းစခန်းရှိသူများက ၎င်းတို့၏ “အသက်မွေးမှုသင်တန်းများ” ကို “အောင်မြင်ခဲ့ကြ”၍ စခန်းများအား ရှင်းလင်းထားပြီးဖြစ်ကြောင်း ၂၀၁၉ တွင် စတင်အတည်ပြုပြောဆိုသည်။ အမှန်အားဖြင့် လူ့အခွင့်အရေး သုတေသီများ နောက်ပိုင်း ထုတ်ပြန်ချက်အရ တရုတ်အစိုးရသည် ဝီဂါနှင့် အခြားသူများအား စက်ရုံများသို့ “၅၀ မှ ၁၀၀ ကြား အုပ်စုလိုက်” ရောင်းချနေသည့် ကျွန်ကုန်သည်များ၏ ကြီးမားသော အွန်လိုင်းကျွန်ဈေးကွက်ကို ကြီးကြပ်ကွပ်ကဲနေသည်ဟု ဆိုထားသည်။ စက်ရုံများသို့ မရောင်းချခံရသူ အများစုမှာလည်း “ရှင်ကျန်း”ဒေသ၏ ဆွဲဆောင်မှုအရှိဆုံး လုပ်ငန်းများမှ တခုဖြစ်သည့် ဝါခူးဆွတ်ခြင်းသို့ စေလွှတ်ခံကြရသည်။

Temu ကုမ္ပဏီက ၎င်းသည် အမေရိကန်သို့ တင်သွင်းသော ကုန်စည်များအား လေးစားလိုက်နာရမည့် စံရှိသော တင်သွင်းသူ မဟုတ်သဖြင့် UFLPA နှင့် အကျုံးမဝင်ကြောင်း ငြင်းဆန်ထားသည်။ သို့ရာတွင် “Temu ၏ ဈေးကွက်ကွင်းဆက်သည် အတင်းအကျပ် လုပ်အားစေခိုင်းမှုနှင့် ညစ်ထေးနေကြောင်း” တရုတ်ကွန်မြူစ်နစ်ပါတီဆိုင်ရာ အောက်လွှတ်တော် ရွေးချယ်ခံ ကော်မတီ၏ အစီရင်ခံစာ ထုတ်ပြန်လာသည့်နောက်တွင် အမေရိကန်၌ စစ်ဆေးမှုများ ကြီးထွားလာခြင်းအား တုံ့ပြန်ပုံ ရှိသည်။

Temu သည် ကျွန်လုပ်သားများ ပါဝင်နေသော ချည်ကို ရှောင်ကြဉ်ရန် ပျက်ကွက်ရုံမက “ရှင်ကျန်းချည်” မှ လုပ်ထားသော အချို့သော ထုတ်ကုန်များကို ပီပီပြင်ပြင် ကြော်ငြာလျက် ရှိနေသည်ဟု အောက်လွှတ်တော် အစီရင်ခံစာက ဆိုသည်။

အဆိုပါ အောက်လွှတ်တော် အစီရင်ခံစာ ထွက်လာပြီးနောက် အချိန်ပိုင်းမှာပင် Temu ကုမ္ပဏီသည် ၎င်း၏ အဝတ်အထည် ပေးသွင်းသူများအား ထုတ်ကုန်ရင်းမြစ်တွင် အသုံးပြုသော ချည်သည် ရှင်ကျန်းမှ မဟုတ်သော ကုန်ကြမ်းများ ဖြစ်ကြောင်း ဖော်ပြရန် လိုအပ်သည်ဟု စတင်လုပ်ဆောင်လာကြောင်း The Information အရ သိရသည်။

ယင်း မူဝါဒသည် အပေါ်ယံ ဗန်းပြသာ ဖြစ်ပြီး အမေရိကန်တွင် တချိန်က အာရုံစိုက်ခံရမှုကို ချက်ချင်း ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု The Information က စွဲဆိုသည်။ Temu အတွက် ထုတ်ကုန်များ ပြုလုပ်ပေးနေပြီး အမည်ဖော်ရန် ငြင်းဆန်သည် ထုတ်ကုန်ပေးသွင်းသူများက ၎င်းတို့ ကုမ္ပဏီ ရှင်သန်ရေးအတွက် Temu က “အရေးပါ”ကြောင်း ဖော်ပြပြောဆိုသည်။

“Temu ဟာ ထုတ်ကုန်ရင်းမြစ် တရားဝင်မှုကို ချက်ချင်းပဲ ပြောင်းလဲပစ်လိုက်တယ်၊ သီတင်းပတ်တွေအတွင်းမှာပဲ”ဟု ပေးသွင်းသူက ပြောကြောင်း The Information က အတည်ပြုသည်။ “ဒီလို မူဝါဒ ပြောင်းလိုက်ပြီးနောက်မှာ Temu ဝန်ထမ်းတွေက ပြောကြတယ်၊ အမေရိကန်ဆီ တင်သွင်းမှု တားမြစ်ခံရမယ့် ဘေးဟာ နည်းပါးသွားပြီလို့ ဆိုတယ်၊ Temu အနေနဲ့ ဘာတွေပဲ မူဝါဒတွေ ပြောင်းပြောင်း လိုက်နာပြီး ဆက်လက်ပူးပေါင်းလုပ်ကိုင်ဖို့ ပြောလာကြတယ်”ဟု ပေးသွင်းသူများက ဆိုသည်။

ကျွန်လုပ်သားနှင့် မကင်းသော ကုန်ကြမ်းများ အသုံးပြုခြင်း၏ ဘေးအန္တရာယ်ကို လျစ်လျူရှုရုံတင်မက Temu သည် ပေးသွင်းသူများက ချည်ကို အခြားသော တိုင်းပြည်များမှ ချည်ထက် တရုတ်မှ ချည်ကို အသုံးပြုကြရန် တွန်းအားပေးကြောင်း The Information က ဖော်ပြသည်။

တရုတ်ချည်အများစုသည် အရှေ့တာကစ္စတန်မှ လာပြီး ခန့်မှန်းခြေအားဖြင့် ၈၀ မှ ၉၀ ရာခိုင်နှုန်းကြား ရှိသည်။ တရုတ်ချည်များ၏ ၈၇ ရာခိုင်နှုန်းသည် ဝီဂါဒေသမှ လာခြင်းဖြစ်ကြောင်း The Information က ရေးသားထားသည်။