ဘုတလင် မြို့မ ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သား ပစ်ခတ်ခံရပြီး သေဆုံး

Battalion Of Budalin ရဲဘော်များ

ပါခွီး

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့ မြို့မရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ရာသေဆုံးသွားကြောင်း မုံရွာခရိုင် တပ်ရင်း(၂၀) Battalion Of Budalin (BOB) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ဘုတလင်မြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) (၄) လက်အောက်ခံ ခမရ (၇၀၃)မှ တပ်သား သိန်းသန်းဦး သည် မေလ ၁၂ရက်တွင် မြို့မရဲစခန်းမှ မြောက်ဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်လာစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရန်သူထွက်လာလို့ အသင့်နေရာယူထားရာကနေ ပေ၂၀လောက်အကွာကနေ တိုက်ခိုက်တာပါ ။ အတွင်းသတင်းလည်းရပြီးလို့ သေတာ Comfirm (အတည်ပြုနိုင်) ပါ “ ဟု BOB ပြန်ကြားရေးတာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

BOBတပ်ဖွဲ့နှင့် နယ်မြေခံ ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အဆိုပါတပ်သားတွင် လက်နက်ကိုင်ဆောင်လာခြင်းမရှိသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် လက်နက် ရယူနိုင်ခဲ့ခြင်းမရှိကြောင်းသိရသည်။

ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၇ရက်နေ့ကလည်း ဘုတလင်မြို့တွင် ဈေးဝယ်လာသည့် ရဲတပ်ကြပ် ကျော်ကိုကိုခန့်ကို BOB တပ်ဖွဲ့မှ အနီးကပ်ပစ်ခတ်ခဲ့ရာသေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး