၁၀၂၇ စစ်ဆင်ရေးမှ စစ်သုံ့ပန်း ၄၁ ဦး MNDAA ပြန်လွှတ်

ဓာတ်ပုံ − The Kokang

ရွှေနွယ်

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့သည့် စစ်ကောင်စီသုံ့ပန်းများအနက် ၄၁ ဦးကို မတ်လ ၁၀ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

MNDAAနိုင်ငံရေးဌာန၊လုံခြုံရေးဌာနခွဲလက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်မှူးရန်ဂျိထန်က စစ်သုံ့ပန်းများအား တွေ့ဆုံဆွေးနွေးပြီးနောက် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု မတ်လ ၁၂ရက်နေ့က MNDAA ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်သုံ့ပန်းများသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒဏ်ရာရရှိခဲ့ကြပြီး ၎င်းတို့ကို ဆေးကုသပေးခဲ့ကာ ယခုပြန်လွှတ်ပေးချိန်၌ ဒဏ်ရာပြန်လည်ကောင်းမွန်ပြီဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

စစ်သုံ့ပန်း ၄၁ ဦး၏ ရာထူးနှင့် အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိသလို မည်သို့သော သဘောတူညီမှုဖြင့် ပြန်လွှတ်ပေးလိုက်သည်ကို ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။ထို့အပြင်မည်သည့် ဒေသသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ကိုလည်း ဖော်ပြထားခြင်းမရှိပေ။ အသေးစိတ်မေးမြန်းရန် MNDAAထံ မဇ္ဈိမမှ ဆက်သွယ်သော်လည်း လတ်တလော၌ အဆက်အသွယ်မရသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့သည့်၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က စုစုပေါင်း၁၅ မြို့ကိုသိမ်းယူခဲ့ပြီးစစ်ကောင်စီဗျူဟာစခန်း၊ တပ်ရင်းဌာနချုပ်၊ တပ်မ ဌာနချုပ်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တို့အပါအဝင် တပ်စခန်းအများအပြားကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားလက်နက်ချအညံ့ခံခဲ့ကြသလို သုံ့ပန်းအဖြစ်ဖမ်းဆီးရရှိသူများလည်းရှိသည်။ ဇန်နဝါရီလ ၅ရက်က ‌လောက်ကိုင်ဒကစအား တိုက်ခိုက်သိမ်းပိုက်မှု၌ လက်နက်ချခဲ့သည့် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူနှင့် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ်ခြောက်ဦး၊ အရာရှိ ၂၂၈ဦး၊ရဲဘော်မှ အခြားအဆင့် ၁,၈၉၅ဦးကို ဖမ်းမိပြီး တပတ်ခန့်အကြာ၌ MNDAAက ပြန်လွှတ်ပေးခဲ့ဖူးသည်။

လက်ရှိတွင် MNDAA မှ ဆက်လက်ထိန်းသိမ်းထားသည့် စစ်ကောင်စီ၏ စစ်သုံ့ပန်းမည်မျှရှိသည်ကိုရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။

ညီနောင်မဟာမိတ်သုံးဖွဲ့ သည် တရုတ်အစိုးရ၏ကြားဝင်ညှိနှိုင်းမှုဖြင့် ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ်ထိုးပြီး ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဇန်နဝါရီ ၁၁ ရက် ည၉ နာရီ မှစ၍  ယာယီအပစ်ရပ်ခဲ့ကြသည်။ ၁၀၂၇ စစ်ဆင်ရေး၏ အရှိန်သည် တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ငြိမ်သက်သွားခဲ့သော်လည်း စစ်ဆင်ရေး၏ ၂၈ ရာခိုင်နှုန်းကိုသာ ဟန့်တားနိုင်ခဲ့ပြီး ကျန် ၆၇ ရာခိုင်နှုန်းကျော်သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် ဆက်လက်အားကောင်းခဲ့သည်ဟု BNI-Myanmar Peace Mornitor (BNI မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့)၏ ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ဖော်ပြထားသည်။

စာတည်း – အေးချမ်း