ကျောက်ဆည်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ပစ်သတ်ခံရ

ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

008

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အတွင်း စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေသည့် ညောင်ရွှေကျေးရွာ ရာအိမ်မှူးကို မေလ ၁၂ရက် နံနက် ၁၁နာရီ ၃၀မိနစ်ခန့်က ပစ်သတ်ခဲ့ကြောင်း ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

၎င်းသည် ကျောက်ဆည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ စစ်ကောင်စီ တပ်သားသစ် စာရင်းပေးပို့ပြီး အပြန် ညောင်ဝန်းကျေးရွာနှင့် ညောင်ရွှေကျေးရွာကြားရှိ ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်ရန်စောင့်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“စစ်တပ်သတင်းပေးဖြစ်သလို ပျူစောထီးအဖွဲ့ဝင်လည်းဖြစ် ရာအိမ်မှူးလည်းလုပ်နေတဲ့ မျိုးမြင့်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်။ နေရာမှာပွဲချင်းပြီးပဲ။ စစ်တပ်အတွက် စစ်မှုထမ်းဖို့ ရွာသူ၊ ရွာသားတွေကို ခြိမ်းခြောက်တယ်။ငွေညှစ်တယ်။ ကျွန်တော်တို့ တော်လှန်တပ်ဖွဲ့ လှုပ်ရှားမှုတွေကို သတင်းပေးတာတွေလုပ်တဲ့သူ။ ဒါကြောင့် ရှင်းလင်းခဲ့တယ်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါသေဆုံးသွားသည့် ရာအိမ်မှူး မျိုးမြင့်သည် စစ်မှုမထမ်းချင်သူများကို ‌ငွေညှစ်ခြင်း၊စစ်မှုထမ်းရန် ခြိမ်းခြောက်စာရင်းကောက်ခြင်း၊ကျေးရွာတွင် လာရောက်ခိုလှုံနေသည့် CDM ဝန်ထမ်းများကို စစ်ကောင်စီထံ သတင်းပေးခြင်းနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်သတင်းပေးမှုများ ပြုလုပ်နေသူဖြစ်ကြောင်းသိရသည်။

“စစ်မှုမထမ်းချင်ရင် ၁၀ သိန်း‌ေပး၊ ၁၅ သိန်းပေးဆိုပြီးတောင်းတယ်။ တချို့ရှိတဲ့သူကပေးပေါ့။ မရှိတဲ့သူကတော့ ထမ်းပေါ့။ ကျွန်တော်တို့ရွာက စစ်မှုထမ်းစာရင်းပါတဲ့ ကလေးတွေအများစုက ပြေးကြတာများတယ်။ အဲလိုပြေးတဲ့အိမ်ဆို ခြိမ်းခြောက်ငွေတောင်းတာပဲ။ အဲကောင် မျိုးမြင့်က အရင်က လူအေး၊ နောက်မှ ပ‌ထွေး‌တွေ( စစ်ကောင်စီ) နဲ့ပေါင်းမိပြီး ရွာကိုမိုက်ရိုင်းတော့တာပဲ။ သူ့ကြောင့် ရွာမှာလာရှောင်နေတဲ့ ဆရာမလေး နှစ်ဦးလည်း သင်္ကြန်မတိုင်ခင် အဖမ်းခံရတယ်။ အခုလိုသေတော့လည်း အေးသွားတာပါပေါ့။” ဟု ညောင်ရွှေကျေးရွာသားတဦးကပြောသည်။

ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ယနေ့ ( မေ ၁၃ရက်) နံနက် ၁၁နာရီခန့်တွင် သေဆုံးသူ နေအိမ်သို့ စစ်ကောင်စီတပ်မှ ကား‌‌ေသးနှစ်စီး အင်အား ရှစ်ဦးဖြင့် ရောက်လာပြီး မေးမြန်းမှုများပြုလုပ်ကာ မွန်းလွဲ ၁နာရီခန့်တွင်ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး