ကရင်နီတွင် ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တန်း ၄ နာရီခရီးကို ၂ လကျော်သည်အထိ မရောက်သေး၊

ကရင်နီတွင် ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တန်း ၄ နာရီခရီးကို ၂ လကျော်သည်အထိ မရောက်သေး၊

ဂျူချန်း(မဇ္ဈိမ)။ ။ ကရင်နီပြည်တွင် ယာဥ်အစီးရေ ၃၀ ကျော်ဖြင့် ချီတက်လာသည့် စစ်ကောင်စီယာဥ်တန်းသည် လမ်းတလျှောက်တွင် ကြားဖြတ်တိုက်ခိုက်ခံရ၍ လေးနာရီကြာခရီးကို နှစ်လကျော်ကြာသည်အထိ မရောက်သးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များက မဇ္ဈိမကို ပြောသည်။


မယ်စဲ့မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့် စစ်ကောင်စီ၏ ထိုယာဥ်တန်းသည် သြဂုတ်လဆန်းပိုင်းတွင် လွိုင်ကော်မြို့နယ်မှ မယ်စဲ့မြို့နယ်သို့ သွားရောက်နေခြင်းဖြစ်သည်။


စစ် လက်နက် ခဲယမ်းများအပြင် စားနပ််ရိက္ခာများ သယ်ဆောင်လာသည့် ထိုယာဥ်တန်းသည် လက်ရှိဖရူဆိုမြို့တွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခုခံနေရသည်။ “ပုံမှန် ကားက ၄နာရီလောက်ပဲကြာမယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအစတည်းက ထွက်လာတဲ့ ယာဉ်တွေပဲ။ ၃၀ကျော် ၄၀ လောက်ရှိမယ်။ လက်ရှိ တိုက်ပွဲက ဖရူ ဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ် ကြားမှာပြင်းထန်နေပြီး စစ်ကောင်စီရဲ့ ရိက္ခာယာဉ်တန်း က လက်ရှိမှာ ဖရူဆိုမြို့ထဲမှာပဲရှိပါသေးတယ်။ ယာဉ်ထဲမှာပါတာ အဓိကတော့ လက်နက်ခဲယမ်းပါဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ အခုအရှေ့ဘက်ကမ်း မှာ‌ စကစ က ပန်တိန်း ရွာထိမှာပဲရောက်နေတယ်။ ရှေ့တိုးလို့မရဘူး ဖြစ်နေတယ်။ ဒီရိက္ခာ ယာဉ်ရောက်တဲ့အထိစောင့်နေတဲ့သဘောပါ” ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွဲဖက်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။


ထိုယာဉ်တန်းသည် လွိုင်ကော်မြို့နယ်တွင် အင်အားဖြည့်တင်းကာ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘော်လခဲ ပြည်ထောင်စုလမ်းမကြီးအတိုင်းထွက်ခွာလာခြင်းဖြစ်သည်။


ယာဥ်တန်းပါစစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား ဩဂုတ်လ ၂ ရက်နေ့မှစတင်ကာ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့အထိ နေ့စဉ်နီးပါး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး တိုက်ပွဲကာလ ကြာလာသည်နှင့်အမျှ ကာကွယ်ရေးတပ်ဖွဲ့များတွင် လက်နက်ခဲယမ်း လိုအပ်မှုလည်း ကြီးမားလာကြောင်း သိရသည်။


“ဒီနှစ်လအတွင်းမှာတိုက်ပွဲတွေနဲ့ ဆက်နေတော့ကျည်ဖြည့်ဖို့ရိက္ခာ ဖြည့်ဖို့ကအရမ်းလိုအပ်နေတဲ့အရာဖြစ်တယ်။ ခုလည်းယာဉ်တန်း ဖျက်ဖို့လည်းတောက်လျှောက်သွားနေတော့ ကျွန်တော်တို့စုဆောင်းထားတာတွေလည်း ကုန်တော့မယ့်အနေအထားတစ်ခုရောက်နေလို့ ကမ်ပိန်း ထလုပ်ရခြင်း ဖြစ်ပါတယ်ခင်ဗျ” ဟု ဒီးမော့ဆို့ PDF တပ်ရင်း(၃) မှ တာဝန်ရှိသူတဦးက မဇ္ဈိမ ကိုပြောသည်။


ထိုစစ်ကောင်စီယာဉ်တန်းသည် ပန်းတိန်ဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အင်အားဖြည့်ရန် ဦးတည်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။


ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဝင်နေသည့် ဒီးမော့ဆို PDF တပ်ရင်း(၂) တွင် ကံစမ်းမဲ တစောင် ၂၀,၀၀၀ကျပ်ဖြင့် ကား၊ ဆိုင်ကယ်နှင့် ဖုန်းများကို မဲဖောက်ပေးမည့် ကမ်ပိန်းလုပ်ဆောင်နေပြီး ဒီးမော့ဆို PDF တပ်ရင်း(၃) တွင် “ကျည်တတောင့်အလိုရှိသည်” ဟူသော ကမ်ပိန်းများကို အသီးသီး လုပ်ဆောင်နေကြရာ ကမ်ပိန်းတွင် ပါဝင်မှု အနည်းငယ်သူရှိသေးကြောင်း တပ်ရင်းတာဝန်ရှိသူများထံက သိရသည်။


ထို့ကြောင့် စစ်ကောင်စီယာဉ်တန်း ချီတက်နေသည့် လမ်းတလျှောက်တွင် ကာကွယ်ရေး တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်နေရသည့်အပြင် စစ်ကောင်စီတပ်စွဲသည့် နေရာများကိုလည်း တိုက်ခိုက်နေရပြီး ကျည်ဆန်ခဲယမ်း များစွာလိုအပ်သဖြင့် ပါဝင်အားဖြည့်ပေးကြရန် တော်လှန်ရေးအင်အားစုကတိုက်တွန်းထားသည်။


စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် ဖရူဆို- ဘော်လခဲ ပြည်ထောင်စုလမ်းမကြီးအပြင် လမ်းမကြီးဘေးတစ်လျှောက်ရှိ မာခရော့ရှည် ၊ လောကျေခူ ၊ ထားလဲ ၊ နန်းဖဲ ကျေးရွာများတလျှောက် လမ်းသွယ်များကိုပါ သွားလာကြခြင်းမပြုလုပ်ကြရန် KNDF မှ စက်တင်ဘာလ ၈ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။


ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ငွေတောင်ရွာသစ်နှင့် ထီးသော်ကူးရွာအနီးရှိ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် စစ်ကောင်စီတပ်သား ၇၁ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဓါတ်ပုံများနှင့်တကွ ဩဂုတ်လ ၁၉ ရက်နေ့တွင် ပူးပေါင်းအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


စာတည်း။ ။အောင်ကျော်ဖြိုး