ရွာငံတွင် စစ်မှုထမ်းရန်စုဆောင်းထားသူများကိုလာခေါ်သည့် ယာဥ်တန်းမိုင်းဆွဲခံရမှု ၄ ဦး သေဆုံး

ပုံအညွှန်း။ ။ ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်များအသုံးပြုသော ပဒေသာမိုင်းများ (ဓာတ်ပုံ။ ။ YNPDF)

ပုံအညွှန်း။ ။ ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်များအသုံးပြုသော ပဒေသာမိုင်းများ (ဓာတ်ပုံ။ ။ YNPDF)

ကိုခင်မောင်

(မဇ္စျိမ)။ ။ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာသို့ စစ်မှုထမ်းရန် စုဆောင်းထားသူများ အားလာရောက်ခေါ်ယူသည့်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးသွားကြောင်း ရွာငံ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့(YNPDF) မှ မေလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၁၄ ရက်) နံနက် ၉ နာရီခန့်တွင် နွားဘန်းကြီးကျေးရွာသို့ ထွက်ခွာလာသော မြို့နယ် ထွေအုပ်ဝန်ထမ်းများ၊ မြို့မရဲစခန်းမှူး၊ စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ဟိုက်ဂျက်ကားလေးစီး ကို နွားဘန်းကြီးကားလမ်း မုံလည်လမ်းခွဲကွေ့တွင် ပဒေသာမိုင်းသုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ရှေ့ဆုံးမှ စစ်ကောင်စီတပ်လုံခြုံရေးကားအား မိုင်းထိမှန်သွားခြင်းဖြစ်ကြောင်း YNPDF ထံမှ သိရသည်။

နွားဘန်းကြီးကျေးရွာတွင် စစ်မှုထမ်းရန်အတွက် စာရင်းသွင်းခံရသူများအား ကျေးရွာဘုန်းကြီးကျောင်း၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ယူပြီး ရွာငံမြို့မှ စစ်ကောင်စီတပ်များက ခေါ်ယူရန်လာ နေစဉ် လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း YNPDF တာဝန်ရှိသူက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အခင်း ဖြစ်ပွားရာနေရာနှင့် ခြေလျင် ၁၀ မိနစ်ခန့်သွားရသော ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာတွင် အရေးပေါ် ဆေးကုသမှု များပြုလုပ်ခဲ့ကြောင်း YNPDF ထံမှ သိရသည်။

“ကျွန်တော်တို့မိုင်းဆွဲတော့ ကားတစီးက လမ်းဘေးကမြောင်းထဲကျသွားတာဗျ။ လေးယောက်က လမ်း ပေါ်လဲနေတာကိုမြင်ခဲ့ရတယ်။ အခုတော့ ကားကို သူတို့ ပြန်ကောက်သွားပြီဗျ။ မိုင်းဆွဲပြီးတာနဲ့ ခြေကျင် ပွေးနဖားကျေးရွာကို ပြေးကျတယ်၊ ဒဏ်ရာရတဲ့သူတွေကိုလည်း ပွေးနဖားကျေးမှာ ဆေးကုကြတယ်” ဟု YNPDF တာဝန်ခံက မဇ္စျိမသို့ပြောသည်။

“မနေ့က မိုင်းဆွဲပြီးနောက် နွားဘန်းကြီးရောက်အောင်မသွားတော့ဘူး။ စစ်သားအဖြစ် စုဆောင်းခံရတဲ့သူ တွေကိုခေါ်ပြီး အစည်းဝေးလုပ်နေတဲ့အစည်းဝေးလည်း ပျက်သွားတယ်” ဟု YNPDF တာဝန်ခံက ဆက် ပြောသည်။

ရွာငံမြို့မှ စစ်ကူလာသော စစ်ကောင်စီတပ်များသည် အခင်းဖြစ်ပွားရာပတ်ဝန်းကျင်သို့ မိနစ်အနည်းငယ် ရမ်းသန်းပစ်ခတ်ပြီး ကျဆုံးစစ်သားများနှင့် ဒဏ်ရာရသူများအားတင်ဆောင်ကာ အောင်ပန်းစစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း YNPDF ထံမှ သိရသည်။

ယခုတိုက်ခိုက်မှုကို ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YNPDF) ရွာငံပကဖ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)နှင့် ဓနု အခြေစိုက် ၁၀၀၃ တပ်ရင်း တပ်ခွဲ(၂)တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ခြေ ၁,၀၀၀ ကျော်ရှိသော နွားဘန်းကြီးကျေးရွာတွင် ကျေးရွာအုပ်ချူပ်ရေးမှူးဦးဆောင်ပြီး စစ်ကောင် စီတပ်သားများ၊ ရဲနှင့် ပျူစောထီးများပူးပေါင်းကာ အိမ်ထောင်ရှိသောအမျိုးသားများကအစ စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းနေကြောင်း ၎င်းကဆိုသည်။

“တအိမ်ကို သုံးယောက်ထက်မနည်းခေါ်တာ၊ တချို့အိမ်တွေဆို ငါးယောက်အထိပါတယ်။ အသက်အရွယ် က ကန့်သတ်မထားဘူး၊ အိမ်ထောင်သည်တွေရောပဲ။ တချို့တွေဆိုအသက် ၅၀ ဝန်းကျင်တွေလည်းပါ တယ်” ဟု YNPDF တာဝန်ခံကဆိုသည်။

စာတည်း။ ။စောဖေ