အင်းတော်၊နန့်သာရွာစစ်ကောင်စီစခန်းကို PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ပုံအညွှန်း။ ။အင်းတော်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဘော်များ/ ဓာတ်ပုံ။ ​။Indaw Revolution (IR)

ပုံအညွှန်း။ ။အင်းတော်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဘော်များ/ ဓာတ်ပုံ။ ​။Indaw Revolution (IR)

ကိုခင်မောင်

(မဇ္စျိမ) ။ ။ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ အဓိကစခန်းတခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ (ဇွန်လ ၂၈ရက်)တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ် ၊ နန့်သာရွာရှိ စစ်ကောင်စီတပ်ဖွဲ့ အခိုင်အမာတပ်စွဲထားသည့် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၂၁ရက် နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“နံ့သာစခန်းကို ရပါပြီဗျ။အရှင်နှစ်ဦး ဖမ်းမိထားတယ်။ သေတာတွေလည်း ရှိပါတယ်ဗျ။ မကြာခင် သတင်းထုတ်ပြန်ဖို့ရှိပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နန့်သာရွာကို လက်နက်ကြီးရော လေကြောင်းမှပါ ပစ်ခတ်ခဲ့ရာ အရပ်သားထိခိုက်မှုရှိကြောင်း ကာကွယ်ရေးဘော်တဦးကပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက်မှုနှင့်အရပ်သားထိခိုက်မှုများကို အသေးစိတ်မသိရှိရသေးပေ။

ဇွန်လ ၂၂ ရက်နေ့ ညက တိုက်ပွဲတွင် နန့်သာရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သောကြောင့် ‌ဦးဇင်းတပါးအပါအဝင် ဒေသခံ ၁၇ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းများဖော်ပြပေးနေသည့် Indaw Revolution -IR အဖွဲ့ထံမှ သိရသည်။

အင်းတော်မြို့မှ ရှစ်မိုင်အကွာခန့်အကွာတွင် တည်ရှိသော နန့်သာရွာတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ကတည်းက စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲခဲ့ပြီး ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ယမန်နေ့(ဇွန်လ ၂၇ရက်)ကလည်း အင်းတော်မြို့နယ်၊ နဘားရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စာတည်း – အေးချမ်း