ဖာပွန်တွင် စစ်ကောင်စီတပ်နှင့် KNLA အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ပုံအညွှန်း- KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ခမရ (၄၃၄) တပ်ရင်း (ဓါတ်ပုံ- MOD)

ပုံအညွှန်း- KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ခမရ (၄၃၄) တပ်ရင်း (ဓါတ်ပုံ- MOD)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တဝိုက်တွင် ကျန်ရှိနေဆဲ စစ်ကောင်စီတပ်ရင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)အကြား ဆက်လက်၍ တိုက်ပွဲများဖြစ်ပွားနေကြောင်း KNU တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

စစ်ကောင်စီ​၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၃၄၀)၊ (၃၄၁)နှင့် စစ်ဗျူဟာအခြေချ( စဗခ-၁)ဖာပွန်ဗျူဟာကုန်းတို့ကို KNLA ပူးပေါင်းတပ်က ဆက်လက်၍ တိုက်ခိုက်နေခြင်းပြီး စစ်ကောင်စီကလည်း လေကြောင်းကို အသုံးပြုကာ ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

” စစ်ကောင်စီတပ်ဖွဲ့တွေရှိတာကတော့ ဖာပွန်ရဲ့အောက်ဘက် သုံးမိုင်လောက်အကွာမှာ စဗခ (၁) ဗျူဟာကုန်း (ဖာပွန်ဗျူဟာ) ဆိုတာရှိတယ်။ နောက်ပြီးတော့ ဘေးတဖက်တချက်မှာ ခမရ (၃၄၀) ရယ်၊ (၃၄၁) ရယ် စခန်းသုံးခုလုံးက ဆက်နေတယ်။ သုံးခုလုံးကတော့ (စစ်ကောင်စီတပ်သားတွေ) ရှိနေတုန်းပဲ။ ဒီလိုရှိနေတဲ့အပေါ်မှာ တိုက်ပွဲကတော့ ဆက်လက်ပြီးတော့ ဖြစ်နေတုန်းပဲ။ တရက်နှစ်ရက် တခါ ၊ အဲ့ဒီလို တိုက်ပွဲအမြဲတော့ ဖြစ်တယ်။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ကူအနေနဲ့ နေ့တိုင်းလာပြီးပစ်
တယ်” ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

ဖာပွန်မြို့နယ်တဝိုက်တွင် စစ်ကောင်စီ​၏ ခြေလျင်တပ်ရင်း ခလရ (၁၉)၊ ခြေမြန်တပ်ရင်း ခမရ (၃၄၀)၊ ခမရ (၃၄၁)၊ ခမရ (၄၃၄) နှင့် စစ်ဗျူဟာအခြေချ (စဗခ) (၁) ဖာပွန်ဗျူဟာ၊ စစ်လက်နက်ပစ္စည်းတပ်( စစန -၆၄၂) စသည့် စစ်ကောင်စီအထိုင်ချ တပ်ရင်းများရှိကြောင်း သိရသည်။

အဆိုပါ အထိုင်ချ တပ်ရင်းများကို ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့မှစ၍ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ခဲ့ပြီး တိုက်ပွဲကာလ တလကျော်အတွင်း စစ်ကောင်စီ​၏ ခလရ (၁၉)၊ စစန (၆၄၂)နှင့် ခမရ (၄၃၄) တို့ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ထားသည်။

ထို့ပြင် KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်မြို့နယ်တဝိုက် အခြေချနေသည့် ဖာပွန်ဗျူဟာ​၏ လက်အောက်ခံ ရှေ့တန်းစခန်းများ​၏ ဆက်သွယ်ရေး၊ ရိက္ခာလမ်းကြောင်းများကိုလည်း KNLA ပူးပေါင်းတပ်များက ပိတ်ဆို့မှုများ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် ဖာပွန်မြို့နယ်မှ ဒေသခံပြည်သူများသည် တိုက်ပွဲများကြောင့် ကမမောင်းမြို့နှင့် နီးစပ်ရာ တောအစပ်များ၊ KNU ထိန်းချုပ်နယ်မြေများတွင် ပြောင်းရွှေ့ကာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

” မြို့ထဲမှာတော့ စစ်ဘေးရှောင်ပြည်သူတွေက ပြန်နေလို့မရသေးဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်စီရဲ့ ပစ်ကူလေယာဉ်တွေက နေ့တိုင်းလာပစ်နေတဲ့အပေါ်မှာ ပြည်သူတွေက ပြန်နေလို့ မရဲသေးဘူး။ ပြန်နေလို့ရအောင်ဆိုရင် စစ်ကောင်စီတပ်စခန်းတွေ အကုန်လုံးရှင်းမှပဲ ရမယ်။ ” ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောဆိုသည်။

ထို့ပြင် စစ်ဘေးရှောင်များအတွက် မကြာမီ မိုးရာသီရောက်တော့မည်ဖြစ်သဖြင့် အမိုးအကာများနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးများ လိုအပ်နေကြောင်း KNU တပ်မဟာ (၅) ပြောခွင့်ရပုဂ္ဂိုလ်နှင့် စစ်ဘေးရှောင် အကူအညီပေးနေသူထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)