တရုတ်ကို ပြန်ဆပ်ရမည့် ကြွေးမြီများကြောင့် ကာဂျစ်စတန်နိုင်ငံတွင် စိုးရိမ်မှုများ မြင့်တက်လာ

Beijing news.net

ကာဂျစ်စတန်က တရုတ်သို့ တင်နေသည့်ကြွေးမြီများကို ပြန်ဆပ်ရန် ယခင်က ဆိုင်းငံ့ခွင့်ရခဲ့သော်လည်း မကြာမီ ပြန်ဆပ်တော့မည်ဖြစ်ပြီး အင်အားကြီး အရှေ့အိမ်နီးချင်းနိုင်ငံအပေါ် ဘဏ္ဍာရေးအရ မှီခိုမှု တိုးလာခြင်းနှင့်ပတ်သက်၍ ကာဂျစ်စတန်ပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်လာနေသည်။

၁၉၉၁ ခုနှစ်တွင် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ကာဂျစ်စတန်၏ ကြွေးမြီစုစုပေါင်းမှာ ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံခန့် သို့မဟုတ် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး(GDP)၏ ၄၅ ရာခိုင်နှုန်းခန့် ရှိသည်။ ၎င်းသည် ဖွံ့ဖြိုးပြီးနိုင်ငံအချို့၏ ကြွေးမြီအချိုးထက် နိမ့်သော်လည်း စိုက်ပျိုးရေးကို အဓိကထားသည့် ကာဂျစ်စတန်အတွက် ပြဿနာတရပ်ဖြစ်နေသေးပြီး ၂၀၂၀ ခုနှစ် အစိုးရပြောင်းပြီးနောက်ပိုင်း စီးပွားရေးစိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

၎င်းကြွေးမြီများအနက်မှ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံမှာ တရုတ်ပို့ကုန်၊ သွင်းကုန်ဘဏ်ထံ ပေးရမည့်ကြွေးမြီများဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ကိုဗစ်-၁၉ ဖြစ်ပွားစဉ် ကာလအတွင်း ပြန်ဆပ်ရမည့် ဒေါ်လာ ၃၂ သန်းအား ဆိုင်းငံ့ထားရန် တရုတ်က သဘောတူခဲ့သည်။ ယခုအခါ ယင်းရွှေ့ဆိုင်းထားသည့် ကြွေးမြီအပါအဝင် ပုံမှန်ဆပ်ရမည့် ကြွေးမြီများကိုပါ ပြန်ပေးရတော့မည် ဖြစ်သည်။ ကြွေးမြီပြန်ဆပ်ရမည့်ကာလကို ထပ်မံရွှေ့ဆိုင်းရန် သို့မဟုတ် အခြားနည်းဖြင့်ပြန်ဆပ်မည့် အစီအစဉ်များကို ကာဂျစ်စတန်က ကမ်းလှမ်းထားသော်လည်း တရုတ်က ပယ်ချထားသည်။

ပြည်ပကြွေးမြီများကို ပြန်ဆပ်ရတော့မည့် အရေးကြီးဆုံးကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကာဂျစ်စတန်အစိုးရအဖွဲ့ဥက္ကဋ္ဌ ဂျာပါရော့ဗ်က ဖေဖော်ဝါရီ ၂ ရက်က အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ကြွေးမြီများကို နိုင်နင်းစွာကိုင်တွယ်နိုင်ရန် ဘက်ဂျက်တွင် ၂၀၂၄ ခုနှစ်အတွက် ဒေါ်လာသန်း ၄၀၀၊ ၂၀၂၅ ခုနှစ်အတွက် ဒေါ်လာသန်း ၄၃၀ နှင့် ၂၀၂၆ ခုနှစ်အတွက် ဒေါ်လာသန်း ၃၉၀ ခွဲဝေချထားပေးရန်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်ချေးငွေများသည် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း တစိတ်တပိုင်းအဖြစ် အရေးကြီးအခြေခံအဆောက်အအုံစီမံကိန်းများအတွက် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု ကာဂျစ်စတန်အစိုးရ အချက်အလက်များတွင် ဖော်ပြထားသည်။ ကြွေးမြီများကို တနှစ်လျှင် အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် နှစ်ပေါင်း ၂၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်သည်။

ကြွေးမြီပြန်ဆပ်ရမည့်အချိန်နီးကပ်လာသည်နှင့်အမျှ ပြည်သူများသည် ကြွေးမြီလျှော့ချရေး နည်းလမ်းများနှင့်ပတ်သက်၍ ထပ်မံအလေးထား ဆွေးနွေးလာကြသည်။ ကြွေးမြီတချို့တဝက်ကို သန့်ရှင်းသောစွမ်းအင်စီမံကိန်းများနှင့် ဖလှယ်ရန် ကာဂျစ်စတန်တာဝန်ရှိသူများက တရုတ်ထံ ယမန်နှစ်က ကမ်းလှမ်းခဲ့သည်။ ၎င်းတွင် တရုတ်ချေးငွေများကို ပြန်ဆပ်ရန် ရည်ရွယ်ထားသည့် ရန်ပုံငွေများကို ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျှော့ချရေး သို့မဟုတ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရေး ကာဂျစ်စတန်က ညွှန်ကြားသွားမည့်အစီအစဉ်များ ပါဝင်သည်။ အဆိုပါ ကမ်းလှမ်းချက်များကို တရုတ်က ပယ်ချခဲ့သည်။

ကာဂျစ်စတန်၏ ကြွေးမြီကတိကဝတ်များကို ပြန်လည်ပြင်ဆင်ရန် ရှိ၊ မရှိ ကာဂျစ်စတန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ဒူဒေဝန်ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ရာ “ယင်းကိစ္စကို မိမိတို့ တနိုင်ငံတည်း ဆုံးဖြတ်၍ မရကြောင်းနှင့် တရုတ်အနေဖြင့် နိုင်ငံတကာစံနှုန်းများကို လိုက်နာရမည်ဖြစ်ကြောင်း” ဖြေကြားခဲ့သည်။

ကြွေးမြီကတိကဝတ်ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းစဉ်များ တိုးတက်မှုမရှိခြင်းကြောင့် ကာဂျစ်စတန်က ကြွေးမြီပြန်မဆပ်နိုင်လျှင် တရုတ်က မည်သို့ဆောင်ရွက်မလဲဆိုသည်နှင့်ပတ်သက်၍ ကာဂျစ်စတန်ပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်လာနေသည်။ ကာဂျစ်စတန်က ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်လျှင် အရေးကြီးအခြေခံအဆောက်အအုံအချို့ကို တရုတ်ပို့ကုန်၊ သွင်းကုန်ဘဏ်က ထိန်းချုပ်သွားနိုင်ကြောင်း ဂျာပါရော့ဗ်က ၂၀၂၂ ခုနှစ်တွင် သတိပေးခဲ့သည်။

ကြွေးမြီပြန်ဆပ်ရေးကိစ္စသည် နိုင်ငံရေးအရ အကဲဆတ်သော ကိစ္စတရပ်ဖြစ်လာနိုင်သည်ဟု အမည်မဖော်လိုသည့် ဘစ်ရှက်ခ်အခြေစိုက် ကျွမ်းကျင်သူတဦးက ဆိုသည်။ “တရုတ်ရဲ့ ရေရှည်မဟာဗျူဟာမျှော်မှန်းချက်က ဘာလဲဆိုတာ မိမိတို့ မသိရခြင်းမှာ ပြဿနာတရပ်ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ကာဂျစ်စတန်နိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးသဘောထားများ မြင့်တက်လာကြောင်း ထပ်မံပြောကြားခဲ့သည်။

ကာဂျစ်စတန်သမ္မတ ဆတ်ဒီယာဂျာပါရော့ဗ်ကမူ ပြည်ပကြွေးမြီ ဒေါ်လာ ၁၀ ဘီလီယံမှ ၁၅ ဘီလီယံထိ တိုးလာလျှင်ပင် စိတ်ပူစရာမလိုကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းနေသရွေ့ ချေးငွေများကို အခက်အခဲမရှိ ပြန်ဆပ်နိုင်မည်ဖြစ်ကြောင်း ဧပြီ ၁၃ ရက်က နိုင်ငံပိုင်သတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့ကာ ပြည်သူများကို ချွေးသိပ်ရန် ကြိုးပမ်းခဲ့သည်။