တောင်တရုတ်ပင်လယ်၌ ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ခြင်းမရှိဟု ဖိလစ်ပိုင်ပြော 

The Straits Times 

ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ်ပင်လယ်၌ ပဋိပက္ခဖြစ်‌အောင် လုပ်ဆောင်ခြင်းမရှိဟု စစ်တပ်ပြောခွင့်ရသူက ဒီဇင်ဘာ ၂၆ ရက်၌ ပြောပြီး တရုတ်၏ ပိုင်နက်ကို ဖိလစ်ပိုင်က ထိပါးနေသည်ဆိုသော တရုတ်နိုင်ငံ၏ စွပ်စွဲချက်ကို တုံ့ပြန်လိုက်သည်။ 

“ဖိလစ်ပိုင်ဟာ ပဋိပက္ခဖြစ်အောင် လုပ်မနေပါဘူး၊ ကျွန်တော်တို့ဟာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာပြီး ကျွန်တော်တို့ရဲ့ ပြည်တွင်းဥပဒေကို ကျွန်တော်တို့ အကောင်အထည် ဖော်နေတာပါ၊ ဒါကတော့ ကျွန်တော်တို့ အချုပ်အခြာပိုင်တဲ့ ကျွန်တော်တို့ရဲ့ ရေပိုင်နက်နဲ့ အထူးစီးပွားရေးဇုန်ပါပဲ”ဟု ဗိုလ်မှူးကြီး မက်ဒယ် အဂွီလာက နိုင်ငံပိုင်ရုပ်သံ PTV သို့ ပြောသည်။ 

ဖိလစ်ပိုင်သည် တရုတ်ကို ဆက်လက်ရန်စရန် အမေရိကန်၏ အထောက်အပံ့ကို မှီခိုနေပြီး “အလွန်အန္တရာယ်များသော” အပြုအမူက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် People’s Daily သတင်းက  ဖော်ပြပြီး နောက်တရက်၌ ပြောဆိုလာခြင်းပဲ ဖြစ်သည်။ 

ဖိလစ်ပိုင်၏ သင်္ဘောများသည် အန္တရာယ်ရှိစွာ ပြုမူခြင်းမျိုး မရှိဘဲ တရုတ်၏ အန္တရာယ်များသော အပြုအမူများကြောင့် တခါတရံ ပင်လယ်၌ တိုက်မိခြင်းများပင် ဖြစ်ရကြောင်း အဂွီလာက စွပ်စွဲပြောဆိုသည်။ 

“သူတို့တွေက ချိုးဖောက်ကျူးလွန်တာ မှန်သမျှကို လုပ်ဆောင်နေတာပဲ”ဟု ဗိုလ်မှူးကြီး အဂွီလာက ဆိုသည်။ 

ဒီဇင်ဘာလအတွင်းက ဖိလစ်ပိုင်စစ်ဦးစီးချုပ် လိုက်ပါသော သင်္ဘောကို တရုတ်က ဝင်တိုက်သည်ဆိုခြင်း အပါအဝင် ရေပြင်ထိပ်တိုက်တွေ့မှုများ၌ အပြန်အလှန် အပြစ်ဆိုကာ ဖိလစ်ပိုင်နှင့် တရုတ်ကြား တင်းမာမှုများက မကြာသေးသောလများအတွင်း မြင့်တက်လျက် ရှိသည်။ 

စကင်းသောမတ်ကမ်းနီးရေတိမ်ပိုင်းတွင် သောင်တင်နေသော ရေတပ်သင်္ဘောဆီ ဆောက်လုပ်ရေးပစ္စည်းများ ပေးပို့ခြင်းဖြင့် ဖိလစ်ပိုင်သည် တင်းမာမှု ဖန်တီးနေသည်ဟု မနီလာရှိ တရုတ်သံရုံးက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။ 

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အား ကာကွယ်ရန် ၁၉၉၉ မှစကာ အဆိုပါ ကမ်းနီးရေတိမ်ပိုင်း၌ ဆိုက်ကပ်ထားသော သက်တမ်းရင့် သင်္ဘောပေါ်က စစ်သားများဆီ တပ်ထောက်ကူ ပေးပို့ခြင်းများ ပုံမှန်ဆောင်ရွက်သည်။ 

တရုတ်သည် တောင်တရုတ်ပင်လယ် တခုလုံးနီးပါးအား ပိုင်ဆိုင်ကြောင်း အတည်ပြုထားရာ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့နှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိသည်။