မြန်မာအိမ်ကူ အမျိုးသမီး ၁ ဦး ထိုင်းအလုပ်ရှင်ထံမှ ဘတ်ငွေ သိန်းချီတန်သည့်နေအိမ် လက်ဆောင်ရ

မြန်မာအိမ်ကူအမျိုသမီးနှင့်အတူအလုပ်ရှင် ထိုင်းသူဌေးမှ လက်ဆောင်ပေးသည့် နေအိမ်အား တွေ့ရစဉ်

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ ဆယ်စုနှစ်တခုကျော်ကြာ “မခိုမကပ်” ပဲ အလုပ်လုပ်ပေးသော မြန်မာအိမ်အကူ အမျိုသမီးတဦးကို ထိုင်းအလုပ်ရှင် သူဌေးမှ လက်ရှိပေါက်ဈေးအရ မြန်မာကျပ်ငွေ သိန်း ၁,၀၀၀ နှင့် ညီမျှသည့် နေအိမ်တလုံးကို လက်ဆောင်အဖြစ် ဆောက်လုပ်ပေးခဲ့သည်။

ဖန်ဟု အမည်ရသည့် မြန်မာအိမ်အကူ အမျိုးသမီး၏ ရိုးသားကြိုးစားမှုကို ဂုဏ်ပြုသည့် အနေဖြင့် နေအိမ်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း အလုပ်ရှင် ထိုင်းသူဌေးဖြစ်သူက ၎င်း၏ လူမှုကွန်ရက်၌ မေလ ၁၈ ရက်နေ့က ရေးသားခဲ့သည်။

အိမ်ကူအမျိုးသမီးသည် ၎င်းနေထိုင်ရာ နေအိမ်နှင့် ၁၂ မိုင်ခန့်ဝေးသည့် အလုပ်ရှင်သူဌေး၏ နေအိမ်သို့ အလုပ်ချိန် နောက်မကျဘဲ နေ့စဉ်အချိန်မီ လာရောက်အလုပ်လုပ်ပေးပြီး အလုပ်အပေါ် လေးစားတန်ဖိုးထားတတ်သူကြောင်း အလုပ်ရှင်သူဌေးက ဆိုသည်။

“သူက ငါ့အိမ်နဲ့ ကီလိုမီတာ ၂၀ လောက်ဝေးတယ်၊ ဖျားနာနေတောင်မှ အလုပ်က မနားဘူး၊ အလုပ်ဆင်းတယ်၊ အနားယူတာမျိုးလည်း မရှိဘူး၊ ဆယ်နှစ်လုံးလုံး အလုပ်ပျက်ရက် မရှိဘူးလေ၊ မနက် ၈ နာရီခွဲဆိုရင် သူက အလုပ်ကို ရောက်နေပြီး ကျွန်တော် CCTV ကနေ အမြဲစောင့်ကြည့်တာ ရှိတယ်၊ သူလည်း ကျွန်တော်ဆီမှာ အလုပ်လုပ်ရတာ ပျော်တယ် ထင်တယ်၊ အလုပ်လုပ်တဲ့ အချိန်မှာ သီချင်းတွေ သီဆိုပြီး လုပ်နေတာ တွေ့ရတယ်” ဟု အလုပ်ရှင်သူဌေး ထီလဖုံထီယန်ဖတ်ထနဖွန်က Thairath သတင်းဌာနတွင် ပြောဆိုထားသည်။

နေအိမ်တလုံး လက်ဆောင်ရသော မြန်မာအိမ်ကူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူသည်လည်း ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦး ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေ ဥပဒေအရ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် မိမိအမည်ပေါက်ဖြင့် ထိုင်းနိုင်ငံအတွင်း အိမ်ခြံမြေ ဝယ်ယူခွင့် မရှိခြင်းကြောင့် ယခုအိမ်ကူ ဇနီးမောင်နှံ့နှစ်ဦးကို အလုပ်ရှင်သူဌေးဖြစ်သူက ၎င်း၏အမည်ခံပြီး ဆောက်လုပ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်