ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲခံရမှုကြောင့် လူသေဆုံး

မေ ၂၃ ရက်နေ့၊ မစောတံတားဖောက်ခွဲခံရစဉ်/ဓါတ်ပုံ-လူမှုကွန်ရက် နှင့် ရှင်းသန့် လူမှုကူညီရေးအသင်း

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲဖျက်ဆီးခံရသောကြောင့် တံတားပြိုကျသွားကာ လမ်းသွားလာသည့် လူတဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းနှင့် ဒေသခံ ကားသမားများထံမှ သိရသည်။

“တံတားကျိုးပြီးတော့မှ သူတို့က အရှိန်နဲ့လာတာ မသိဘဲ ပြုတ်ကျသွားတာ။ အကုန်လူငယ်တွေချည်းပဲ ၂၅ ၊ ၃၀ အရွယ်တွေပေါ့”​ ဟု လူမှုကူညီရေးအသင်းမှ လူတဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ (မေလ ၂၃ ရက်) နံနက်အစောပိုင်းတွင် ဘီးလင်းမြို့နယ်နှင့် ကျိုက္ကော်မြို့ကြား တောင်ကလေးကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှ မစောတံတား မိုင်ခွဲဖျက်ဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဆိုင်ကယ်သုံးစီးဖြင့် စီးနင်းလာသည့် အမျိုးသား သုံးဦး၊ အမျိုးသမီး တဦး တို့သည် တံတားပြိုကျနေသည်ကို မသိရှိဘဲ အရှိန်နှင့်မောင်းနှင်လာမှုကြောင့် တံတားအောက်သို့ ပြုတ်ကျကာ ဆိုင်ကယ်စီးနင်းသည့် အမျိုးသားတဦး သေဆုံးကာ ကျန်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသွားသူများကို ဘီးလင်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသခံယူနေကြောင်း ဆိုသည်။

မစောတံတား မိုင်းခွဲခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်မော်လမြိုင် ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား ဒုတိယအကြိမ် မိုင်းခွဲခံခဲ့ရသည်။ ပထမအကြိမ်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် KNLA PDF ပူးပေါင်းတပ်များက စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ရန် ကျုံအိတ်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ မိုင်းခွဲခံရမှုကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းကို ယင်းလမ်းပိုင်းတွင် အသုံးပြု၍မရတော့ဘဲ ကျေးရွာလမ်းများကိုသာ အသုံးပြုနေရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ကျေးရွာချင်းဆက်လမ်းများကို အသုံးပြုရာတွင် အိမ်စီးကားငယ်လေးများသာ သွားလာ၍ရပြီး ခရီးသည်တင်ကားနှင့် ကားကြီးများ သွားလာ၍ မရကြောင်း ယာဉ်မောင်းတဦးက ပြောသည်။

“ရန်ကုန်ဘက်ကလာရင်တော့ ဘီးလင်းတံတားကျော်ပြီး ဒေါက်ရပ်ကိုရောက်ရင် ဒေါက်ရပ်ဆင်းပြီး အာရှလမ်းဟောင်းအတိုင်းသွား။ ပြီးမှ လမ်းမပေါ်ပြန်တက်တာပေါ့။ အဲ့ဒီရွာလမ်းကိုသုံးရင်တော့ တံတားနှစ်ခုစလုံး လွတ်တယ်။ ကားသေးလေးတွေတော့ သွားလို့ရပေမယ့် ကားကြီးတွေသွားမရဘူး။ အဲ့နားမှာတော့ ပိတ်နေတာပေါ့ကားကြီးတွေက” ဟု ယာဉ်မောင်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်-မော်လမြိုင်လမ်းမကို အသုံးပြုနေရသည့် ကုန်စည်တင်ပို့မှုများ နှင့် သွားရေးလာရေးအတွက် ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။ ရန်ကုန်မှ ဆီတင်ပို့သည့် ကားများသည် ဘီးလင်း၌ ပိတ်နေသောကြောင့် မော်လမြိုင်မြို့ပေါ်တွင် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်သဖြင့် စက်သုံးဆီဆိုင်များတွင် ယနေ့ နံနက်ပိုင်း၌ မြို့ခံများ ဆီတန်းစီဝယ်ယူနေကြကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)