ညောင်လေးပင်မြို့ ပုဇွန်မြောင်းရွာ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့

ညောင်လေးပင်မြို့ ပုဇွန်မြောင်းရွာ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့

စစ်ကောင်စီတပ်​၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ပုဇွန်မြောင်းကျေးရွာမှ ဒေသခံနေအိမ်အချို့ မီးလောင်ကျွမ်းနေပုံ (ဓါတ်ပုံ- CJ)

YT(မဇ္ဈိမ) ။ ။ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှိူ့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

” စစ်ကောင်စီက ညနေ ၄ ခွဲကျော်က ပုဇွန်မြောင်းရွာက အိမ်တချို့ကို မီးရှို့သွားတယ်၊ အိမ်ခြေများတယ်။ ရွာအပြင် တာဘောင်နားက အိမ်တွေကိုရှို့သွားတာ” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့၊ ညနေပိုင်းမှစ၍ ပုဇွန်မြောင်းကျေးရွာ၊ ရွာအပြင် တာဘောင်နားရှိ ဒေသခံ နေအိမ်များအား စတင်မီးရှို့နေခြင်းဖြစ်ပြီး ညပိုင်းအထိ ကျေးရွာအတွင်းမှ နေအိမ်အချို့ကိုပါ ဆက်လက်မီးရှို့နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် ဒေသခံနေအိမ်များအား မီးမရှို့ခင် အဆိုပါ နေအိမ်များအတွင်း ဖောက်ထွင်းဝင်ရောက်၍ ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းများကို ညောင်လေးပင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၂၀) တပ်အတွင်းသို့ သယ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

” စစ်ကောင်စီဘက်ကတော့ ‌သူတို့တပ်တွေဖြစ်တဲ့ ခမရ (၂၀) ညောင်လေးပင်က တပ်ထဲကို ရွာထဲကပစ္စည်းတွေ ခိုးသယ်နေတာ၊ ပျူစောထီးတွေရောပါတယ်။ လူမနေတော့ ဝင်ခိုးကြတာ၊ လိုချင်တာတွေ ယူထုတ်ပြီးမှ မီးရှို့ပစ်တာ၊ အခုချိန်ထိပဲ ရှို့တုန်း၊ တရွာလုံးတော့သွားပါပြီ” ဟု အဆိုပါ သတင်းရင်းမြစ်က အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီ ၂၃ မိနစ်တွင် မဇ္ဈိမကို ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ပုဇွန်မြောင်းကျေးရွာမှ ဒေသခံများသည် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထွက်ပြေးတိမ်းရှောင်ရသဖြင့် ဒေသခံများမရှိသည့် ကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ သေနတ်များရမ်းသန်းပစ်ခတ်ခြင်း၊ ဒေသခံများ​၏ ပစ္စည်းဥစ္စာများအား သိမ်းယူကာ ဒေသခံနေအိမ်များအား မီးရှို့ခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။

” ရွာထဲမှာတော့ ရွာသားမရှိဘူး။ အရင်တည်းကတိုက်ပွဲက မကြာခဏဖြစ်တော့ မနေရဲကြတော့ပြောင်းပြေးကြပြီလေ။ အခုမှ တိုက်ပွဲကပိုကြီးလာတာ။ စကစဘက်ကတော့ ကျည်ပေါတော့ လူမတွေ့လည်း အသံကြားတဲ့ဘက်ကို ရမ်းပစ်နေတာပဲ။ လက်နက်ကြီးတွေကတော့ ညတိုင်းပဲပစ်တာ၊ စောစောကတောင် နှစ်လုံးပစ်သေးတယ်”ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ပုဇွန်မြောင်းကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်၊ ပျူစောထီး၊ ရဲ၊ မီးသတ်တပ်ဖွဲ့ အင်အား ၂၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းနှင့် Spring Warriors Column (နွေဦးစစ်သည်တော်များစစ်ကြောင်း)၊ Royal Peacock Column (တော်ဝင်ဒေါင်းစစ်ကြောင်း)၊ PDF တပ်ရင်း (၃၇၀၂) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ငါးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ၆၅ ဦးသေဆုံး၍ ၃၀ နီးပါး ထိခိုက်ဒဏ်ရာရထားပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း ခုနစ်ဦးထိခိုက်ဒဏ်ရာရထားကြောင်း Spring Warriors Column ​၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲအတွင်း ကျေးရွာချင်းဆက်လမ်းများအား ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီတပ်သားများ အကာအကွယ်ယူကာ ရောက်လာသည့် စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် ဘက်ဟိုးတစီးကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း Spring Warriors Column ကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် ပုဇွန်မြောင်းကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းနှင့် ဒေသခံများ​၏ အိမ်အချို့တွင် ဖြန့်ကြက်နေရာယူထားလျက်ရှိပြီး စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်းလည်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)