ထိုင်ဝမ်သမ္မတသစ် လိုင်ချင်-တဲကို ဒလိုင်းလားမား ချီးကျူးဂုဏ်ပြု

ထိုင်ဝမ်သမ္မတသစ် လိုင်ချင်-တဲကို ဒလိုင်းလားမား ချီးကျူးဂုဏ်ပြု

Dalai Lama congratulates newly elected Taiwanese president Lai Ching-te

Latestly:-

တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားသည် မေ ၂၀ ရက်တွင် ထိုင်ဝမ်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် သမ္မတသစ် လိုင်ချင်-တဲကို ဂုဏ်ပြုကြောင်း ပြောကြားလိုက်သည်။

ဒလိုင်းလားမားက ၎င်း၏ထုတ်ပြန်ချက်တွင် “ဒီမိုကရေစီစံတန်ဖိုးများကို ဆုပ်ကိုင်ထားရန် ထိုင်ဝမ်ပြည်သူများ၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း၊ ထိုင်ဝမ်တွင် ဒီမိုကရေစီ ခိုင်မာစွာအမြစ်တွယ်နေမှုကို မြင်တွေ့ရခြင်းမှာ အံ့ဩဖွယ်ဖြစ်ကြောင်း၊ ထိုင်ဝမ်ပြည်သူများသည် ခိုင်မာအားကောင်းသည့် ဒီမိုကရေစီကို ဖော်ဆောင်ထားနိုင်ရုံသာမက ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရင်း ကြွယ်ဝတိုးတက်အောင်လည်း ဆောင်ရွက်ထားနိုင်ကြောင်း” ပြောကြားခဲ့သည်။

ထို့ပြင် လိုင်အနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားပြီး ထိုင်ဝမ်ပြည်သူများ၏ မျှော်လင့်ချက်များ၊ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ပါစေဟု ဒလိုင်းလားမားက ဆုတောင်းပေးခဲ့သည်။ “ထိုင်ဝမ်ပြည်သူများ၏ မျှော်လင့်ချက်များ၊ ဆန္ဒများကို ဖြည့်ဆည်းစဉ် ရှေ့တွင်ကြုံလာရမည့် စိန်ခေါ်မှုများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေကြောင်း ဆုတောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)မှ လိုင်ချင်-တဲသည် မေ ၂၀ ရက်တွင် ထိုင်ဝမ်၏ ပဉ္စမမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)သည် ထိုင်ဝမ်တွင် တိုက်ရိုက်သမ္မတရွေးကောက်ပွဲကို စတင်ကျင်းပသည့် ၁၉၉၆ ခုနှစ်မှစ၍ လေးနှစ်သက်တမ်း သုံးကြိမ်ဆက်တိုက် အစိုးရဖွဲ့ခွင့်ရသည့် ပထမဆုံး အာဏာရပါတီဖြစ်လာမည် ဖြစ်သည်။ ကျမ်းသစ္စာကျိန်ဆိုပွဲ ဖွင့်ပွဲအခမ်းအနားကို သမ္မတရုံးတွင် ကျင်းပခဲ့ပြီး ကူမင်တန်(KMT) ပါတီမှ လွှတ်တော်ဥက္ကဋ္ဌ ဟန်ကောင်-ယူက နိုင်ငံတော်တံဆိပ်တုံးကို လိုင်ချင်-တဲထံသို့ ပေးအပ်ခဲ့သည်။ ၎င်းမှာ လိုင်အား နိုင်ငံတော်အကြီးအကဲအဖြစ် အသိအမှတ်ပြုသည့် အမှတ်သင်္ကေတဖြစ်သည်။ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ သမ္မတဟောင်း ဆိုင်အင်-ဝမ်လည်း တက်ရောက်ခဲ့သည်။

လိုင်ချင်-တဲက တရုတ်အား သတိပေးသည့် အနေဖြင့် ထိုင်ဝမ်အား ထိပါးခြိမ်းခြောက်မှုများကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
တရုတ်အနေဖြင့် ထိုင်ဝမ်အပေါ် နိုင်ငံရေး၊ စစ်ရေး ခြိမ်းခြောက်မှုများကို ရပ်တန့်ရန်၊ ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရမည့် ကမ္ဘာလုံးဆိုင်ရာ တာဝန်ကို အတူတကွ ထမ်းဆောင်ရန်နှင့် ကမ္ဘာကြီးအား စစ်ပွဲဆိုသည့် အကြောက်တရားမှ ကင်းဝေးစေရေး ဆောင်ရွက်ရန် တိုက်တွန်းကြောင်း လိုင်ချင်-တဲက ၎င်း၏ ပထမဆုံးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။