တွန်းဇံမြို့အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေးရှောင်များ အရေးပေါ်အကူအညီလိုအပ်

ပုံအညွှန်း - တိုက်ပွဲဖြစ်ပွားနေသည့် တွန်းဇံမြို့မြင်းကွင်း။(ဓါတ်ပုံ - တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။)

ပုံအညွှန်း – တိုက်ပွဲဖြစ်ပွားနေသည့် တွန်းဇံမြို့မြင်းကွင်း။(ဓါတ်ပုံ – တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။)

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်မြောက်ပိုင်း ၊ တွန်းဇံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ချင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်များ အရေးပေါ်အကူအညီလိုအပ်နေကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (တွန်းဇံ)ထံက သိရသည်။

ယမန်နေ့(မေလ၂၁ရက်)နံနက် ၅နာရီမှစ၍ ၉နာရီ ၃၀မိနစ်အချိန်ထိ တွန်းဇံမြို့ပေါ်နှင့် အနီးတဝိုက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ ထက်မနည်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။

“မြို့ပေါ်နဲ့ အနီးတဝိုက်က တိုက်ပွဲဖြစ်နေတဲ့နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ် ၊ ရဟတ်ယာဥ်နဲ့ပစ်တယ် အဲလိုလုပ်နေတာ ၊ တိုက်ပွဲအခြေအနေတော်တော်လေးပြင်းထန်နေတယ်” ဟု တွန်းဇံ ပအဖ ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

ယင်းနောက် ယနေ့(မေလ ၂၂ရက်) နံနက် ၂နာရီမှ ပြန်လည်စတင်ပြီး မနက် ၉နာရီ ၁၅မိနစ်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးအလုံး ၁၀၀ခန့် ကြဲချ၍ ရဟတ်ယာဥ်ဖြင့်လည်း ပစ်ခတ်နေကြောင်း ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ ခေါဝုန်လေးဆန်ရပ်ကွက်တွင် အိမ်ခြေ ၃၀လုံး ၊ လုံတပ်ကျေးရွာနှင့် ဖိုင်တူကျေးရွာများတွင် ဘုရားကျောင်းအပါအဝင် အိမ်ခြေ ၁၀လုံး ပျက်စီခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲများဖြစ်ပွားနေသဖြင့် တွန်းဇံမြို့နယ်အတွင်း ကျေးရွာ ၁၅ ရွာနှင့် မြို့ပေါ်နှစ်ရပ်ကွက်မှ ဒေသခံ ၁၃,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရကြောင်း ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူက ဆိုသည်။

တွန်းဇံမြို့ပေါ်တွင် မတိမ်းရှောင်လိုသူနှင့် မတိမ်းရှောင်နိုင်သူ ရာဂဏန်းခန့် ကျန်ရှိနေကြောင်း သိရသည်။

“အခု စစ်ရှောင်နေတဲ့အထဲက ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ဖျားနာနေကြပြီ ၊ ကျနော်တို့ဆီမှာရှိတာလေးနဲ့ ကူညီနေရတော့ မလုံလောက်ဘူး ၊အရေးပေါ်အမြန်ဆုံး အကူအညီတွေလိုအပ်နေပါတယ်” ဟု ပအဖ ပြန်ကြားရေးက ပြောသည်။

စစ်ဘေးရှောင်များအတွက် ပုဂ္ဂိုလ်ရေးအရ အကူအညီအချို့အနည်းအပါလက်ခံရရှိ ထားသော်လည်း အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများ မရရှိသေးဟု ဆိုသည်။

စစ်ဘေးရှောင်သူများအတွက် ဆေးဝါး ၊ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများအတွက် မိုးကာများလိုအပ်နေသဖြင့် အကူအညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

မေလ ၁၅ရက်နေ့မှစတင်ပြီး ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် တွန်းဇံမြို့နယ် ၊ ကျီခါးမြို့နှင့် တွန်းဇံမြို့ပေါ်ရှိ ခလရ (၂၆၉) ၊ ရဲစခန်းနှင့် အခြားအဆောက်အဦများတွင် တပ်စွဲထားသည့် တပ်ဖွဲ့များကို တိုက်ခိုက်လျက်ရှိရာ လေကြောင်းပစ်ကူအပါဝင် စစ်ကောင်စီတပ်လက်အောက်ခံအဖွဲ့အစည်းများမှ အပြင်းအထန်ခုခံနေကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)