တရုတ်၏ တရားဝင် ဂျီဒီပီတိုးတက်နှုန်း အချက်အလက်တိကျမှုအပေါ် သံသယဖြစ်မှုများ မြင့်တက်လာ

The Business Standard:

တရုတ်၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး(GDP)ဆိုင်ရာ တရားဝင် ဒေတာအချက်အလက်များ၏ တိကျမှုနှင့်ပတ်သက်၍ အချိန်ကြာမြင့်စွာတည်ရှိနေသည့် သံသယများကြောင့် အခြားနည်းဖြင့် ခန့်မှန်းတွက်ချက်မှုများ ပေါ်ပေါက်လာသည်။ ၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုသည် နှစ်စဉ် ငါးရာခိုင်နှုန်းနီးပါးတိုးတက်ရန် လျာထားချက်ကို ပြည့်မီခဲ့ကြောင်း တရုတ်အစိုးရက ကြေညာခဲ့ပြီးနောက် ယင်းကဲ့သို့ တွက်ချက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကပ်ရောဂါဆိုင်ရာ တားမြစ်ချက်များကို ရုပ်သိမ်းပြီးနောက် ဝယ်ယူသုံးစွဲမှု ပြန်လည်မြင့်တက်လာသောကြောင့် ပြီးခဲ့သည့်နှစ်အတွင်း စီးပွားရေးတိုးတက်ခဲ့သည်ကို သဘောတူလက်ခံကြသည်။ ၎င်းကို တရုတ်နိုင်ငံလုံးဆိုင်ရာ စာရင်းအင်းဗျူရိုအပြင် ပြည်တွင်းလေကြောင်းလိုင်းများ၏ ပျံသန်းမှုအကြိမ်ရေ သို့မဟုတ် စားသုံးသူအခြေပြု ကုမ္ပဏီများ၏ ဝင်ငွေတိုးတက်မှုများကဲ့သို့သော စာရင်းပြုစုထားသည့် အချက်အလက်များတွင် အလွယ်တကူ တွေ့ရှိနိုင်သည်။

တရားဝင်နှင့် အလွတ်သဘောခန့်မှန်းတွက်ချက်မှုများတွင်တွေ့ရသော တူညီသည့်အချက်မှာ ဒေသဆိုင်ရာ အစိုးရများ၏ ဘဏ္ဍာငွေလျော့ကျခြင်း၊ ပို့ကုန်ကျဆင်းခြင်းတို့နှင့်အတူ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်းများ ထိုးကျခြင်းကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးရှိရာ တရုတ်နိုင်ငံကို အကျဘက်သို့ဦးတည်စေသည့် ဖိအားများကို ဖြစ်ပေါ်စေခဲ့သည်။

ကုန်ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အသုံးစရိတ် သိသိသာသာတိုးတက်လာမှုသည် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းကို ကာမိစေကြောင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။

ယင်းအချက်ကို အချို့သူများက သဘောမတူပေ။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအားလုံးသည် ယမန်နှစ်အတွင်း အလုပ်သိပ်မဖြစ်ခဲ့သောကြောင့် တရုတ်၏ ၂၀၂၃ ခုနှစ်အတွက် တိုးတက်မှုတွင် ဂျီဒီပီအချက်အလက်များကို အလွန်အကျွံ ချဲ့ကားဖော်ပြထားခြင်းဖြစ်ကြောင်း Rhodium Group မှ ညွှန်ကြားရေးမှူး လော်ဂန်ရိုက်က ပြောကြားခဲ့သည်။ အမှန်တကယ် တိုးတက်မှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

မကြာသေးမီ နှစ်များအတွင်း အချက်အလက်များကို အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်ခြင်းနှင့် နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များသည် ထူးထူးခြားခြား ချဲ့ကားတွက်ချက် ဖော်ပြထားခြင်းများ ကြောင့် အိမ်ရာ၊ စက်ရုံနှင့် အခြေအခံအဆောက်အအုံကဲ့သို့ အရာများအတွက် အသုံးစရိတ်များကို တိုင်းတာသော တရုတ်၏ တရားဝင် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများအပေါ် သံသယဖြစ်မှုများ တိုးလာခဲ့သည်။

ပုံသေပိုင်ဆိုင်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု(FAI)သည် အမည်ခံသတ်မှတ်ချက်များအရ ၂၀၂၃ ခုနှစ်တွင် ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရုတ်စာရင်းအင်းဗျူရိုက ပြောကြားခဲ့သည်။ သို့သော် ဥပဒေအရ စာရင်းအင်းစစ်ဆေးမှုများ တွင် ဖော်ထုတ်တွေ့ရှိခဲ့သည့် ပြဿနာရှိသော ဒေတာအချက်အလက်များ အပါအဝင် အခြားအကြောင်းအရာများကြောင့် ယွမ် ၅၀ ဒသမ ၃ ထရီလီယံ (ဒေါ်လာ ၇ ဒသမ ၁ ထရီလီယံ) ပမာဏရှိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုကို ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် ပမာဏနှင့် တိုက်ရိုက်နှိုင်းယှဉ်၍ မရကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွက် FAI တိုးတက်မှုနှုန်းသည် ယခင်နှစ်အတွက် ကနဦးထုတ်ပြန်ခဲ့သည့်ပမာဏမှ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုထက် ယွမ် ခုနစ်ထရီလီယံ သို့မဟုတ် ၁၇ ရာခိုင်နှုန်း လျော့နည်းသွားသည်ကို ဖော်ပြနေကြောင်း Patheon Microeconomics မှ စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြင်ဆင်မှုများသည် ဒေတာအချက်အလက်များ၏ ပြဿနာရှိမှုကို ဖော်ပြနေကြောင်း တရုတ်စာရင်းအင်းများကို အထူးပြုလေ့လာနေသည့် ဟောင်ကောင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ ကာစတန်ဟော့ဇ်က ပြောကြားခဲ့သည်။ Rhodium Group ၏ ခန့်မှန်းတွက်ချက်မှုမှာ ချီးကျူးစရာကောင်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗဟိုစာရင်းအင်းဗျူရိုတွင် အောက်ခြေအဆင့်အရာရှိများအား တိကျသောစာရင်းဇယားများကို တင်ပြရန် စေခိုင်းနိုင်သည့် အခွင့်အာဏာမရှိဘဲ ၎င်းကိုယ်တိုင်သည်ပင် နိုင်ငံရေးဆန်သည့် အုပ်ချုပ်ရေးအသိုင်းအဝိုင်းတွင် လုံးလုံးလျားလျား တည်ရှိနေခြင်းဖြစ်ကြောင်း ဟော့ဇ်က ပြောကြားခဲ့သည်။ ထို့ကြောင့် ဒေတာအချက်အလက်များကို စိတ်တိုင်းကျရရှိစေရန် တာဝန်ရှိသူများအနေဖြင့် အချက်အလက် ရယူသည့် နည်းလမ်းများကို‌ ပြောင်းလဲခြင်း သို့မဟုတ် အချက်အလက်များကို လိမ်လည်တင်ပြခြင်းတို့ ဆောင်ရွက်ရန် ဖိအားများ တိုးလာစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

Rhodium ၏ တိုးတက်မှု ခန့်မှန်းချက်တွင် ၂၀၂၃ ခုနှစ်အတွက် လျာထားချက်၏ အနည်းငယ်သာ ပြည့်မီခဲ့ကြောင်း ဖော်ပြထားသည်။ Bloomberg က ပြုလုပ်ခဲ့သည့် အလွတ်သဘော ခန့်မှန်းတွက်ချက်မှုတွင် တိုးတက်မှု ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းကဲ့သို့ ကွဲလွဲနေခြင်းမှာ တရုတ်စီးပွားရေးနှင့်ဆိုင်သည့် ဈေးကွက်နှင့်ဆွေးနွေးမှုများတွင် တရားဝင်အချက်အလက်များကို ကိုးကားအသုံးပြုခြင်းကြောင့် ဖြစ်သည်။ လူသုံးကုန်ပစ္စည်း ဝယ်ယူသုံးစွဲမှုနှင့် စက်မှုထုတ်ကုန်များကို အခြေခံသည့် အခြားခန့်မှန်းတွက်ချက်မှုများသည် တရားဝင် အချက်အလက်များထက် အနည်းငယ် လျော့နည်းသည်။

အသွားအလာကန့်သတ်မှု ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ထားသည့် ၂၀၂၂ ခုနှစ်တွင် တိုးတက်မှု သုံးရာခိုင်နှုန်းရရှိခဲ့ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် သံသယဖြစ်မှုများ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး စီးပွားရေးနှေးကွေးနေချိန်တွင် တရုတ်၏ ဂျီဒီပီအချက်အလက်များအပေါ် သံသယဖြစ်မှုများ ဆက်လက်တိုးပွားလာနိုင်သည်။