ကျောင်းဆရာမအပါအဝင် ဒေသခံ ၇ဦးကို စစ်ကောင်စီမီးရှို့သတ်ဖြတ်ဟုဆို

မေလ ၁၇ရက်နေ့တွင် စစ်ကောင်စီတပ် မီးရှို့စီးနင်းခဲ့သော YRG တပ်စခန်းမြင်းကွင်းအချို့/ဓာတ်ပုံ။ ။ Yesagyo Revolution Group (YRG)

ကိုခင်မောင်

(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက်လုပ်ရှားနေသော Yesagyo Revolution Group (YRG) စခန်းကို လမ်းပြရန်ခေါ်လာသော ကျောင်းဆရာမအပါအဝင် ဒေသခံ ခုနစ်ဦးကို စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်သွားကြောင်း YRGတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၁၇ရက် နံနက် ၅နာရီအချိန်တွင် အင်အား ၃၀၀ခန့်ပါသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာသို့ဝင်ရောက်စီးနင်းစဥ် ကျောင်းဆရာမ တဦးပစ်သတ်ခံရပြီး အမျိုးသားခြောက်ဦးကို YRG စခန်းသို့ လမ်းပြရန်ခေါ်လာ၍ စခန်းတွင်မီးရှို့သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု Yesagyo Revolution Group (YRG) တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

“စကစဘက်က အင်အား ၃၀၀လောက်နဲ့ ကျောက်ထပ်နဲ့ ဇီးတောကိုဝိုင်းထားတာဗျ။ ရွာနှစ်ရွာလုံးကို ဝိုင်းထားကြတာ၊ ပြေးပေါက် တခုပဲ အကုန်ပြေးကြရတယ်။ ပြေးရင်းလွှားရင်းနဲ့ ဆရာမတယောက်တော့ ခေါင်းထိတယ်၊ ကျန်တဲ့ ခြောက်ဦးကတော့ လက်ပြန်ကြိုးတုတ်ပြီး စခန်းလိုက်ပြခိုင်းတယ်ဗျ။ ပြီးတော့ သေနတ်ပစ်သတ်ပြီးမီးရှို့သွားတာပါ။” ဟု YRGအဖွဲ့တာဝန်ခံက မဇ္စျိမအားပြောသည်။

စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူများတွင် ကျောက်ထပ်ရွာသားများဖြစ်သော ကျောင်းဆရာမ ဒေါ်အေးအေးမာ(အသက်၂၀နှစ်)၊ ကိုအောင်မျိုးဦး (အသက် ၁၆နှစ်)၊ ကိုမင်းနိုင်ဌေး (အသက် ၃၀နှစ်)၊ ဦးမောင်ဦး (အသက် ၅၀ ဝန်းကျင်)၊ ဦးဖိုလုံး( အသက် ၅၅ နှစ် )၊ ကိုအောင်သူ ( အသက် ၃၀နှစ်)နှင့် ဇီးတောရွာမှ ညလာအိပ်သည့် ဧည်သည်တဦးတို့ဖြစ်ကြောင်း ၎င်းတာဝန်ခံမှ ပြောသည်။

“ဒေသခံတွေကို စစ်တပ်က သတ်ဖြတ်သွားတဲ့အပေါ် မှာတော့ စစ်ကောင်စီကသူတို့ရဲ့ လုပ်ရိုးလုပ်စဥ် ပုံစံမျိုးတွေလုပ်နေတာဖြစ်တယ်။ အစုလိုက်အပြုံလိုက် သတ်တာတွေ မီးရှို့တာတွေ၊ မုဒိမ်းကျင့်တာတွေ ကတော့ စစ်တပ်က ကျူးလွန်နေဆဲဖြစ်ပါတယ်။ ဒီလို လူမဆန်တဲ့ လုပ်ရပ်မျိုးလုပ်နေတဲ့ စစ်တပ်ကို ကျွန်တော်တို့ကတော့ ရရာနည်းနဲ့ ဆက်လက်တော်လှန်နေမှာဖြစ်ပါတယ်။” ဟု ရေစကြိုမြို့နယ် (ပကဖ) သတင်းတာဝန်ခံက မဇ္စျိမကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ကျောက်ထပ်ရွာတွင် အချိန်မီမပြေးနိုင်ဘဲ နေအိမ်များတွင်ကျန်ရှိနေသော သက်ကြီးရွယ်အိုများ ၅၀ခန့်ကိုလည်း ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီး ၎င်းတို့စစ်ကြောင်းပြန်ထွက်ချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် နံနက်အစောပိုင်းတွင် အလစ်အငိုက်ဝင်ရောက်လာခြင်းဖြစ်သဖြင့် ရဲဘော်များသည် အမြန်ဆုံးတိမ်းရှောင်ခဲ့ကြပြီး စခန်းအတွင်းရှိပစ္စည်းများ လက်လွတ်ဆုံးရှုံးခဲ့ရသည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

စခန်းမီးရှို့ခံရမှုကြောင့် ပါရီ ကျည် ၆၀၀ တောင့်၊ AK ကျည်၂၀၀ တောင့်၊ ၅.၅၆ ကျည် ၃၀ တောင့်၊ 9mm ကျည်၂၀ တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ အီနာဂါ နှစ်လုံး၊ ကားတစီး၊ ဆိုင်ကယ် သုံးစီးနှင့် မိုင်းပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း Yesagyo Revolution Group (YRG)မှ မေလ ၂၂ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည်။

“(၂၅၇)၊ (၂၅၈)တပ်ရင်းနဲ့ ရဲတွေ၊ ပျူတွေလာပြီး သတ်သွားတာ။ အသတ်ခံရတာက ကျွန်မတို့နဲ့ သိတဲ့သူတွေပါ။ လာမသတ်ခင် ရှေ့ရက်အနည်းငယ်က ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ လာစုံစမ်းသေးတယ်” ဟု ရေစကြိုမြို့မှ ဒေသခံမျိုးသမီးတဦးကလည်း ပြောသည်။

မေလ ၂ရက်နေ့တွင် ကျောက်ထပ်ရွာမှ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထွက်ချိန်တွင် Yesagyo Revolution Group (YRG)စခန်းကို နယ်မြေရှင်းလင်းရေးပြုလုပ်စဥ် ဒေသခံများ၏ သေဆုံးရုပ်အလောင်းများတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ခံက မဇ္စျိမကို ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်သားများသည် ကျောက်ထပ်ရွာတွင် လူနေအိမ် ၃၇ လုံး၊ ဇီးတောရွာတွင် လူနေအိမ် ၄၀ မီးရှို့သွားပြီး ကျောက်ထပ်ရွာ၊ ဇီးတောရွာ၊ သဲတောရွာနှင့် ကွမ်းသီးကန်ရွာရှိ ဒေသခံ ၁,၀၀၀ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ထိုသို့ လူနေအိမ်ခြေများနှင့် YRG စခန်းမီးရှို့တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် ပခုက္ကူမြို့ နည်းပညာတက္ကသိုလ် (GTC )ကျောင်းထဲသို့ ပြန်သွားကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက ပြောသည်။

Yesagyo Revolution Group (YRG)အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်စာရင်းသွင်းခြင်းမရှိဘဲ ၎င်းတို့နှင့်မဟာမိတ်အဖွဲ့များပူးပေါင်းကာ စစ်အာဏာရှင်ကို တော်လှန်နေသော အဖွဲ့ဖြစ်ကြောင်းသိရသည်။

Yesagyo Yesagyo Revolution (YRG)အနေဖြင့် ၎င်းတို့စခန်းပြန်လည်ထူထောင်နိုင်ရေးအတွက် မိဘပြည်သူများမှ ဝိုင်းဝန်းကူညီပေးကြရန်လည်း မေတ္တာရပ်ခံတောင်းဆိုထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)