စစ်ကောင်စီ၏ ၃ ရက်ဆက် လေကြောင်းဗုံးကြဲမှုကြောင့် မဟာမြိုင်လမ်း ယာယီပိတ် ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူရှိ

ပုံအညွှန်း။ ။ဖေဖော်ဝါရီ ၁၅ရက်ညတွင် စစ်ကောင်စီတပ်ဗုံးကြဲသဖြင့် ပုထိမ်ကုန်းရွာအနီး သရက်ခြံတွင် ကျရောက်ပေါက်ကွဲမှုမြင်ကွင်း/ ဓာတ်ပုံ။ ။ People’s Defense Comrade

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်-ကလေးဝ မဟာမြိုင်လမ်းပိုင်းအား စစ်ကောင်စီက လေကြောင်းမှ သုံးရက်ဆက်ဗုံးကြဲ၍ ထိုလမ်းပိုင်းကို ယာယီပိတ်ထားကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီလ ၁၄ ရက်မှ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်အထိ သုံးရက်ဆက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုများကြောင့် အမျိုးသားတဦးသေဆုံးကာ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ပြည်ထောင်စုလမ်းမကြီး(မဟာမြိုင်လမ်းမကြီး)တလျောက်လုံး နေရာခြားပြီးပစ်နေတာပဲ။ အခုပစ်တာတွေက တန့်ဆည်နယ်အနောက်ခြမ်းမှာပဲဖြစ်တာ။ လမ်းကြောပိုင်းကတော့ ၁၄ ရက်နေ့ ကစလို့ တန့်ဆည်နယ်ဘက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ယာယီပိတ်ထားတာပါ” ဟု People’s Defense Comrade အဖွဲ့ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော်က မဇ္စျိမကို ပြောသည်။

ယနေ့ဖေဖော်ဝါရီလ ၁၆ရက် ညနေပိုင်း ၄နာရီ ၃၀မိနစ်ခန့်တွင် တန့်ဆည်နယ်အနောက်ခြမ်း တောင်ကျောင်းရွာနှင့် ပေလမ်းအနီးဝန်းကျင်တဝိုက်ကို ကန့်ဘလူ ၆၀၀၆တပ်ရင်းမှ တက်လာသည့် Mi-35တစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်ဆီးမှုအခြေအနကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၁၅ရက် ည ၁၁နာရီဝန်းကျင်တွင် တန့်ဆည်နယ်အနောက်ခြမ်း မဟာမြိုင်လမ်းမကြီးဘေး တောင်ကျောင်းရွာအနီးနှင့် ပန်းထိမ်ကုန်းရွာအနီးဝန်းကျင်ကို တံတားဦးမှတက်လာသော YAK -130 ဂျက်ဖိုက်တာတစီးဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပန်းထိမ်ကုန်းရွာအနီးရှိ သရက်ခြံတဲစောင့်နေသော အသက်၆၀အရွယ် အမျိုးသားတဦး ထိခိုက်သေဆုံးခဲ့ပြီး အသက်၅၀အရွယ် အမျိုးသမီးတဦးသည်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“လက်ရှိတော့ ဘာမှကြီးကြီးကျယ်ကျယ်ဖြစ်ထားတာမရှိဘူးဗျာ။ ကြားလည်းမကြားမိဘူး
ဘာစစ်ကြောင်းမှလည်း ထိုးနေတာမရှိဘူး။ ဘာတိုက်ပွဲမှလည်း ဖြစ်သံမကြားရဘူး။ ဒလန်တွေ သတင်းပေးမှားယွင်းမှုကြောင့် ရက်ဆက်ပစ်နေတာလို့တော့ ခန့်မှန်းရပါတယ်” ဟု ကိုထူးခန့်ဇော်က ဆက်လက်ပြောသည်။

သုံးရက်အတွင်း ခုနစ်ကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီး လမ်းပိုင်းလုံခြုံမှုအခြေအနေပေါ်မူတည်၍ လမ်းပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း People’s Defense Comrade အဖွဲ့ထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး