စီးပွားရေး ကျဆင်းမှုကြောင့် တရုတ် ထိပ်တန်း ကုန်အမှတ်တံဆိပ်များ တန်ဖိုး ကျဆင်းလာ

China Economy

တရုတ်တွင် စီပွားရေးကျဆင်းမှုနှင့် အတူ စားသုံးသူများ၏ ဝယ်လိုအား လျော့နည်းလာပြီး အဖျော်ယမကာ လုပ်ငန်းမှ စ၍ စီးပွားရေး ဘဏ်များ အထိ ထိပ်တန်းထုတ်ကုန် ၁၀၀ ၏ ကုန်အမှတ်တံဆိပ် တန်ဖိုး (intangible assets) သည် ၂၀၂၃ တွင် ၄ ဒသမ ၅ % ကျဆင်းသွားကြောင်း Hurun Report က ထုတ်ပြန်ထားသည်။

တရုတ်တွင် အနည်းဆုံး နှစ်ပေါင်း ၆၀ ကျော် အောင်မြင်မှု ရရှိခဲ့သည့် ဒေသထွက်ကုန်စည် ၁၀၀ ၏ ကုန်အမှတ်တံဆိပ် တန်ဖိုးသည် ၂၀၂၂ တွင် ယွမ် ၉ ဒသမ ၈၇ ထရီလီယံ ရှိခဲ့ရာမှ ၂၀၂၃ တွင် ယွမ် ၉ ဒသမ ၄၃ ထရီလီယံ သို့ ကျဆင်းခဲ့သည်။

တရုတ်တွင် ငွေကြေးဖောင်းပွမှု ဖိအားများနှင့် အတူ စီးပွားရေး ကျဆင်းလာပြီး စားသုံးသူ စျေးကွက်တွင်လည်း ပြည်တွင်းဝယ်လိုအား ကျဆင်းလာကြောင်း ရှန်ဟိုင်းရှိ အကြံပေးကုမ္ပဏီ Suolei မှ အကြီးတန်းမန်နေဂျာ အဲရစ်ဟန်က ပြောကြားသည်။

ပုံမှန် ဝယ်လိုအားများလေ့ရှိသည့် လူသုံးကုန်ပစ္စည်းများ ဖြစ်သော စားသောက်ကုန် နှင့် အဝတ်အထည် စျေးကွက်တွင်ပင် စားသုံးသူများ၏ စုစုပေါင်း အသုံးစရိတ်သည် ၂၀၂၃ တတိယ ၃ လပတ် အတွင်း တစ်နှစ်ထက် တစ်နှစ် ၀ ဒသမ ၉ % ကျဆင်းနေကြောင်း ကမ္ဘာလုံးဆိုင်ရာအတိုင်ပင်ခံကုမ္ပဏီ Bain & Company နှင့် ဈေးကွက် လေ့လာဆန်းစစ်မှု အဖွဲ့ Kantar Worldpanel တို့ ၏ တွေ့ရှိချက်ကို ဒီဇင်ဘာ အစောပိုင်း က ထုတ်ပြန်ခဲ့သည်။

ဆိုးရွားသော စီးပွားရေး အလားအလာ နှင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလာခြင်း ပေါ်တွင် စိုးရိမ်မှုများကြောင့် စားသုံးသူများသည် တစ်ဦးချင်းလိုအပ်သော လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာတွင် စဉ်းစားချင့်ချိန်မှုများ ပြုလာကြောင်း တွေ့ရှိရသည်။

“လူသိများတဲ့ ထိပ်တန်း ထုတ်ကုန် အမှတ်တံဆိပ်တွေ က စီးပွားရေးနှေးကွေးမှုရဲ့ သားကောင် ဖြစ်ခဲ့ရပေမယ့် သူတို့ရဲ့ ထုတ်ကုန် အရည်အသွေး က စီးပွားရေးအကျပ်အတည်းကို ကျော်ဖြတ်နိုင် ဖို့ ကူညီပေးနိုင်တယ်” ဟု ဟန် က ပြောကြားသည်။

နာမည်ကြီး ထုတ်ကုန် များသည် အမှတ်တံဆိပ်မပါသော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုနှင့် နှိုင်းယှဉ်သည့်အခါ ကုန်ပစ္စည်းအမျိုးအစားချင်း တူသော်လည်း ၎င်း ထုတ်လုပ်သည့် စျေးနှုန်းတန်ဖိုးကို အကဲဖြတ်ခြင်းဖြင့် ကုန်အမှတ်တံဆိပ် တန်ဖိုးကို တိုင်းတာသည်။

ထိပ်တန်းကုန်စည် စာရင်းတွင် ယမာကာ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီ Kwei¬chow Moutai နှင့် Wuliangye Yibin၊ ဆေးထုတ်လုပ်သည့် ကုမ္ပဏီ Tong Ren Tang၊ ဘဲကင် လုပ်ငန်းအုပ်စု China Quanjude နှင့် တရုတ် ဆောက်လုပ်ရေး ကုမ္ပဏီ China Construction Bank တို့ ပါဝင်သည်။

“သူတို့ ဟာ အောင်မြင်လာတဲ့ အမှတ်တံဆိပ်တွေ အဖြစ် ဆန်းသစ်မှုတွေ ရှိတယ်။ ကုန်အမှတ်တံဆိပ်တွေ အနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည် လာနိုင်မှုပေါ်မှာ ရေရှည် ဘယ်လို ထိန်းသိမ်းမလဲ ဆိုတာ သင်ယူရမယ်။ စျေးကွက်ကနေ ဖယ်ထုတ်ခြင်း ခံရတာမျိုး မဖြစ်အောင် ရှောင်ရှားရမယ်” ဟု Hurun Report ၏ ဥက္ကဌနှင့် သုတေသန အရာရှိချုပ် ရူပ ဟရုဝါဖ် က ပြောသည်။

တာရှည်ခံမှု၊ ကုန်အမှတ်တံဆိပ် တန်ဖိုး၊ ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးများသည် အမှတ်တံဆိပ်များ အောင်မြင်မှုအတွက် အဓိကကျသော အချက်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တရုတ် အလယ်ပိုင်း ရှန်ရှီးပြည်နယ်၏ မြို့တော် တိုင်ယန်း မှ ထုတ်လုပ်သော Yiyuanqing အမှတ်တံဆိပ် ရှာလကာရည် သည် စျေးကွက်တွင် နှစ်ပေါင်း ၆၄၆ နှစ်ကြာ ရပ်တည်နေပြီး ထိပ်တန်းကုန်ပစ္စည်းစာရင်းတွင် သက်တမ်းအကြာဆုံး ဖြစ်သည်။

ဘဏ်ကြီးများကဲ့သို့ အချို့ ကုန်အမှတ်တံဆိပ်များသည် လွန်ခဲ့သော ရာစုနှစ် အတွင်း တရုတ် ၏ အမျိုးသားစီးပွားရေးကို ပုံဖော်နိုင်ခဲ့ပြီး ယနေ့ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဝင်ငွေ အလယ်အလတ်ရှိသော တရုတ် ပြည်သူ သန်း ၄၀၀ ခန့်သည် ပြည်တွင်း ထုတ်ကုန် အဖျော်ယမကာ နှင့် အလှကုန်ပစ္စည်းများ ကို အလွန်အကျွံသုံးစွဲမှုကြောင့် တရုတ် ပြည်တွင်း ကုမ္ပဏီ ရာပေါင်းများစွာ ကို အကျိုးဖြစ်ထွန်းစေခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန် တွင် တရုတ်နှင့် အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာသောအခါတွင် စားသုံးသူများသည် အမျိုးသားထုတ်ကုန်များ ကို ဂုဏ်ပြုဝယ်ယူကြသော “လှုပ်ရှားမှု” အဖြစ် ရှန်ဟိုင်းမြို့ အထိမ်းအမှတ် White Rabbit အမှတ်တံဆိပ် နို့သကြားလုံးများ ဝယ်ယူမှု မြင့်တက်လာခဲ့ပြီး ပရီမီယံ ရောင်းအား ၂၀၀၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။

အချို့ စားသုံးသူများသည် ပုံမှန်အားဖြင့် ၁၉ ယွမ်မှ ၂၃ ယွမ်အထိ ရောင်းချသည့် ကုန်စည်များ အတွက် ၅၀၀ ယွမ် အထိ စျေးပိုပေးကြပြီး နာမည်ကြီး အဖျော်ယမာ အတွက် ၂ နာရီကျော်ကြာ စောင့်ဆိုင်း ဝယ်ယူခဲ့ကြသည်။