ဟောင်ကောင်မီဒီယာသူဌေးဂျင်မီလိုင်း အကန့်အသတ်မဲ့ ရုံးတင်စစ်ဆေးခံနေရ

ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်မှု စွဲချက် နှစ်ခုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေသော စာပေများ ပုံနှိပ်ဖြန့်ဝေမှုဖြင့် တရားရင်ဆိုင်နေရသည့် ဂျင်မီလိုင်း (ဓာတ်ပုံ-AFP)

ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်မှု စွဲချက် နှစ်ခုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေသော စာပေများ ပုံနှိပ်ဖြန့်ဝေမှုဖြင့် တရားရင်ဆိုင်နေရသည့် ဂျင်မီလိုင်း (ဓာတ်ပုံ-AFP)

The Hong Kong Post

ကျော်ကြားသော ထုတ်ဝေသူ၊ စာရေးဆရာ၊ ဒီမိုကရေစီလိုလားသူနှင့် ယခုအပိတ်ခံထားရသော Apple Daily သတင်းဌာနကို တည်ထောင်သူ ဂျင်မီလိုင်းသည် နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်ဆောင်မှုနှင့် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်မှုတို့ဖြင့် စွပ်စွဲခံထားရကာ ဟောင်ကောင် အနောက် ကောင်လွန်းတရားရုံးတွင် ဧပြီလ ၂၃ ရက်က ၆၄ ရက်မြောက်အဖြစ် ရုံးတင်စစ်ဆေးခံရသည်။

ဒီမိုကရေစီလိုလားသော မီဒီယာသူဌေးကြီးသည် သတင်းအတတ်ပညာ ချိုးဖောက်ရန် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခံထားရသည်။

ရုံးတင်စစ်ဆေးမှုသည် ဟောင်ကောင်ရှိ လူကြိုက်အများဆုံး တရုတ်ဘာသာစကားဖြင့်ထုတ်ဝေသည့် အမှီအခိုကင်းသော Apple Daily သတင်းဌာန ၂၀၂၁ နှစ်တွင် အပိတ်မခံရခင် ဖော်ပြခဲ့သော ဆောင်းပါးများ၊ ကြော်ငြာနှင့် အယ်ဒီတာ့အာဘော်များကို အဓိကထားသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ဝေဖန်သူ လိုင်သည် လွန်ခဲ့သည့် လေးနှစ်က ဟောင်ကောင်တွင် တရုတ်က ချမှတ်ခဲ့သော နိုင်ငံတော်လုံခြုံရေးဥပဒေဖြင့် ဟောင်ကောင်ဒီမိုကရေစီရေးလှုပ်ရှားသူများကို အရှိန်အဟုန်ပြင်းစွာ ဖိနှိပ်ချုပ်ချယ်မှုအတွင်း ဖမ်းဆီးခံရပြီးနောက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှ စ၍ အကျဉ်းချခံခဲ့ရသည်။

ဥပဒေလက်ထောက်လည်းဖြစ် ငါးဦးမြောက် ကြံရာပါသက်သေလည်းဖြစ်သည့် ချန်ဇီဝါက ၂၀၂၀ ခုနှစ် နိုင်ငံတော်လုံခြုံရေးဥပဒေမထုတ်မီ ဂျင်မီလိုင်းရုံးတင်စစ်ဆေးခံနေရစဉ်က အသက် ၇၆ နှစ်အရွယ် ဂျင်မီလိုင်းအား ဘေးကင်းရေးဦးစားပေးရန်နှင့် ထွက်ခွာသွားရန် အကြံပေးခဲ့ကြောင်း The Epoch Times သို့ ပြောကြားခဲ့သည်။ သို့သော် ဂျင်မီလိုင်းက အဆုံးထိတိုက်ပွဲဝင်သွားရန် ပြင်ဆင်ထားကြောင်းပြောကာ ထွက်သွားရန် ငြင်းဆိုခဲ့သည်။

ဂျင်မီလိုင်းသည် ပြင်းထန်လွန်းသော နိုင်ငံတော်လုံခြုံရေးဥပဒေဖြင့် တရားစွဲဆိုခံရသည့် ထိပ်တန်းပုဂ္ဂိုလ်များအနက် တဦးဖြစ်ပြီး ထိုဥပဒေသည် တရုတ်ကွန်မြူနစ်ပါတီမှ ခွဲထွက်ရေး၊ အဖျက်အမှောင့်၊ အကြမ်းဖက်ဝါဒနှင့် ပြည်ပနိုင်ငံနှင့် ပူးပေါင်းမှုတို့ကို ရာဇဝတ်မှုမြောက်ကြောင်း ပြဋ္ဌာန်းထားသည်ဟု The Epoch Times က ဖော်ပြခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးပြီး သတင်းသမားများ၏ အခွင့်အရေးကို အကာအကွယ်ပေးသော အမေရိကန် လွတ်လပ်သောအကျိုးအမြတ်မယူသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းကော်မတီ (CPJ) ၏ အဆိုအရ တရုတ်သည် ပုဂ္ဂိုလ်ရေးဘဝ၊ ငွေရေးကြေးရေးကိစ္စများနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ နောက်ကွယ်မှ နိုင်ငံရေး ကစားကွက်များအပါအဝင် အနောက်တိုင်း စာနယ်ဇင်းများတွင် သတင်းနှင့် ဝေဖန်ချက်များစသည့် လက်ခံနိုင်လောက်သည်ဟုယူဆရသော အကြောင်းအရာများကိုပင် တားမြစ်ထားသည်။

အထူးသဖြင့် တရုတ်အစိုးရအကြောင်း သတင်းရယူမှုနှင့်ပတ်သက်၍ ထိုသို့ကျဉ်းမြောင်းသောအမြင်သည် ဟောင်ကောင်တွင်လွှမ်းမိုးလာမည်ကို စာနယ်ဇင်းလွတ်လပ်ခွင့်ထောက်ခံသူတချို့က စိုးရိမ်လာကြသည်။

လွန်ခဲ့သည့် ၂၅ နှစ်ခန့်က ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့်ကို အပြည့်အဝကာကွယ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဧပြီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဟောင်ကောင်တွင် သတင်းလွတ်လပ်ခွင့်သည် ကျဆင်းလျက်ရှိကြောင်းနှင့် သတင်းသမားများကို ဖမ်းဆီးခြင်း၊ မီဒီယာများကို ပိတ်ခြင်းနှင့် သတင်းလွတ်လပ်ခွင့်ကာကွယ်သူများကို နှောင့်ယှက်ခြင်း အပါအဝင် ဖိနှိပ်မှုမျိုးစုံကို တွေ့မြင်ရကြောင်းနှင့် ယင်းက ဟောင်ကောင်၏ မီဒီယာလွတ်လပ်ခွင့် ယိုယွင်းလာမှုကို ပြသနေကြောင်း ပြောသည်။

RSF ၏ အစီရင်ခံစာအရ ယနေ့အချိန်အထိ ဂျင်မီလိုင်း အပါအဝင် သတင်းထောက်နှင့် သတင်းလွတ်လပ်ခွင့်လှုပ်ရှားသူ ၁၀ ဦးကို ဟောင်ကောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး အမှီအခိုကင်းသော သတင်းဌာနများဖြစ်သည့် Apple Daily နှင့် Stand News တို့ကို ၂၀၂၁ ခုနှစ်တွင် ပိတ်သိမ်းခဲ့ကြောင်း RSF ကဖော်ပြသည်။

အခြားမီဒီယာငါးခုထက်မနည်းသည် ကြောက်ရွံ့မှုကြောင့် လုပ်ငန်းရပ်နားခဲ့သလို မကြာသေးမီကပင် လွတ်လပ်သော အာရှအသံ (RFA) ကလည်း လုံခြုံရေးစိုးရိမ်မှုများကို အကြောင်းပြ၍ ၎င်း၏ ဗျူရိုကို ပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြင်းထန်လွန်းသော နိုင်ငံတော်လုံခြုံရေးဥပဒေနှင့် ဆူပူအုံကြွမှုဆိုင်ရာ ပြဋ္ဌာန်းချက်များသည် သတင်းသမားများကို အမြဲတစေ ခြိမ်းခြောက်လျက်ရှိသည်ဟု RSF ကဆိုသည်။

၂၀၂၀ ခုနှစ်မှစ၍ တရုတ်ပြဋ္ဌာန်းထားသော နိုင်ငံတော်လုံခြုံရေးဥပဒေ (NSL) နှင့် အခြားသောဥပဒေများဖြင့် သတင်းသမား ၂၈ ဦးထက်မနည်းကို တရားစွဲထားကြောင်း RSF ကပြောသည်။

အာဏာပိုင်များသည် နိုင်ငံတော်လုံခြုံရေးဥပဒေတွင် အပြောင်းအလဲများလုပ်ကာ သူလျှိုလုပ်ခြင်းကဲ့သို့သော ပြစ်မှုအသစ်များကို ထပ်ပေါင်းထည့်သည့် ပုဒ်မ ၂၃ ကို ပြီးခဲ့သည့်လက အတည်ပြုခဲ့သည်။

ထို့ပြင် သတင်းလွတ်လပ်ခွင့်အဖွဲ့အစည်းများနှင့် သတင်းထောက်အသင်းများသည် ဟောင်ကောင်တွင် နှစ်ပေါင်းများစွာ နှောင့်ယှက်ခံခဲ့ရပြီး ဟောင်ကောင်အခြေစိုက် သတင်းထောက်အများအပြားသည် စောင့်ကြည့်ထောက်လှမ်းခံရကာ ရာနှင့်ချီသည် ပြည်နှင်ဒဏ် ပေးခံခဲ့ရသည်။

ဟောင်ကောင်တွင် သတင်းလွတ်လပ်ခွင့် ကာကွယ်သူများနှင့် သတင်းထောက်များအား တရားစွဲဆိုသည့် တရားရုံးတွင် သတင်းဆောင်းပါးများနှင့် သတင်းများကို သက်သေအဖြစ် အသုံးပြုကြသည်။

ဟောင်ကောင်သည် ၂၀၂၃ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း အဆင့်အရ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ တွင်ရှိပြီး ဆယ်စုနှစ် နှစ်ခုအတွင်း အဆင့် ၁၈ မှ ကျဆင်းလာခဲ့ကြောင်းနှင့် တရုတ်နိုင်ငံက အဆင့် ၁၇၉ တွင် ရှိကြောင်း RSF ကဖော်ပြသည်။