ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”‌ ကြောင့် မြန်မာပြည်အနှံ့ လေပြင်းတိုက်ပြီးမိုးကြီးမည်

002

မဇ္ဈိမ။ ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”‌ ကြောင့် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အများစုတွင် လေပြင်းတိုက်ပြီး မိုးကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

ယမန်နေ့(မေ ၂၅ ရက်) ညပိုင်းတွင် မုန်တိုင်းငယ်မှာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း “ရီမယ်(လ်)”မှာ ယနေ့(မေ ၂၆ ရက်)နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ သံတွဲမြို့၏အနောက်၊ အနောက်မြောက်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်၊ အနောက်တောင်ဘက် ရေမိုင် ၂၀၅ မိုင်ခန့်အကွာကို ရောက်ရှိနေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်နေခြင်းမရှိကြောင်း မိုးဇလက ဆိုသည်။

ယနေ့(မေ ၂၆ ရက်) ညနေပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“ရီမယ်(လ်)”၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်မည်ဟု မိုးဇလက ဆိုသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလက အသိပေးထားသည်။
မေ ၂၅ ရက်မှစတင်ပြီး ရန်ကုန်တိုင်းတွင် မိုးရွာသွန်းခဲ့ပြီး သစ်ပင်လဲခြင်းများရှိသည်ဟု ရန်ကုန်မြို့ခံတဦးက ‌ပြောသည်။

“မိုးမရွာခင်တုန်းက‌တော့ တော်တော်ပူတော့ မိုးရွာပါစေ ဆုတောင်းတယ်။ အခုမိုးရွာတာ မနေ့ညကတည်းက ရွာတာ။ ရွာလိုက် တိတ်လိုက်နဲ့ပဲ။ ကိုယ်တွေကမှ မိုးရွာရင် ခိုစရာ အမိုး၊ အိမ်ရှိသေးတယ်။ စစ်ဖြစ်နေတဲ့ ဒေသကလူတွေဆို ဘယ်လိုလုပ်ကြမလဲ မသိဘူး ” ဟု ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်တွင် နေထိုင်သူတဦးက ‌ပြောသည်။

မုန်တိုင်း”ရီမယ်လ်”ကြောင့် ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ လှိုင်အမြင့် မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၂ ပေခန့်၊ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)