ညောင်လေးပင်တွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲသဖြင့် အရပ်သား ၆ ဦး သေဆုံး

ဗုံးစ ထိမှန်သေဆုံးသူအချို့

YT

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲသဖြင့် အရပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ယမန်နေ့ (ဇွန်လ ၂၈ ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကောက်မယ်သူကျေးရွာထိပ်သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးငါးလုံးကြဲချခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ဂိတ်အနီးသို့ကျရောက်ကာ ဂိတ်ကို ဖြတ်သန်းနေသည့် အရပ်သားခြောက်ဦးနှင့် PDF တဦးသေဆုံးခဲ့ခြင်းဟု သိရသည်။

“နေ့လည်ကဖြစ်တာ၊ တိုက်ပွဲမဟုတ်ဘူး။ ဂိတ်ကို ဒရုန်းနဲ့လာချတာ၊ PDF ရဲဘော်နှစ်ယောက်ထိတယ် တယောက်ကတော့ ကျသွားတယ်။ ပြည်သူက ခြောက်ယောက်သေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဦးစွာကင်းထောက်ပြီးမှ ဗုံးသီးချတိုက်ခိုက်ခြင်းဟု သိရသည်။ ဗုံးစထိမှန်၍ သေဆုံးသူများမှာ ထွန်းလင်းအောင်၊ စောသထော၊ ကိုအောင်နိုင်ဌေး၊ စောကမူးသနှင့် ကျန်သုံးဦး၏အမည် များကိုမသိရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။

ကောက်မယ်သူအပါအဝင် အနီးအနားရှိ ရေဖြူကန်၊ ပုဇွန်မြောင်း၊ အင်ကုန်း၊ ရေတွင်းကုန်းကျေးရွာများသို့ စစ်ကောင်စီတပ်က မကြာခဏ လက်နက်ကြီးဖြင့်ပစ်ခတ်နေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဇွန်လ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) နယ်မြေ၊ ညောင် လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု များကြောင့် အမျိုးသမီးငါးဦးအပါအဝင် အရပ်သား၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်သုံးလုံးပျက်စီးခဲ့ ကြောင်း KNU ဗဟိုမှ ယမန်နေ့(ဇွန်လ ၂၈ ရက်)က သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ