ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံသားများကို တရုတ်က အဓမ္မခိုင်း

India Today

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်ရှိ အိန္ဒိယသံရုံးက လူကုန်ကူးခံရသည့် အိန္ဒိယနိုင်ငံသား ၃၆၀ ဦးခန့်ကို မေလ ၂၂ ရက်က ကယ်တင်လိုက်ကြောင်း ကြေညာခဲ့သည်။

မကြာသေးမီက ကယ်ဆယ်ရေးတွင် ဆီဟန်နော့ခ်ဗီလဲမြို့ရှိ ကျင်ပေ(၄) ဧရိယာဟု လူသိများသော နေရာမှ လွတ်မြောက်လာသူ ၆၀ ဦီးပါဝင်သည်။

ယင်းကယ်တင်မှုကို အိန္ဒိယနှင့် ကမ္ဘောဒီးယား အာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

၎င်းတို့ကို စင်ကာပူရှိ အချက်အလက်ထည့်သွင်းသည့် ကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိမည်ဟု ဖြားယောင်းကာ ကမ္ဘောဒီးယားသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားနှင့် မြန်မာတို့တွင် အလားတူလိမ်လည်မှုများကြောင့် အိန္ဒိယအိုင်တီလုပ်သားအများ အပြား ဒုက္ခရောက်နေကြောင်းကို အိန္ဒိယထောက်လှမ်းရေးက တွေ့ရှိခဲ့ပြီး လူပေါင်း ၅,၀၀၀ ကျော်သည် တရုတ်ရာဇဝတ်ကောင်များ၏ ဆိုက်ဘာရာဇ၀တ်မှုတွင် အတင်းအကျပ်ခိုင်းစေခံနေရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

အထူးသဖြင့် ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်စေသည့် ဆိုက်ဘာရာဇ၀တ်ကောင်များကို ထောက်ခံ အားပေးမှုကြောင့် တရုတ်နိုင်ငံအပေါ် ဆိုက်ဘာသူလျှိုလုပ်မှု စွပ်စွဲချက်များမြင့်တက်လာနေသည်။

ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် ဆော့ဖ်ဝဲလ်လုပ်ငန်းကဲ့သို့သော အရေးကြီးသောကဏ္ဍများကို ပစ်မှတ်ထား၍ တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ဟက်ကာလုပ်ဆောင်မှုများကို မီးမောင်းထိုးပြထားပြီး၊ အသိဉာဏ်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် လျှို့ဝှက်အချက်အလက် ခိုးယူမှုများ မကြာခဏပြုလုပ်နေကြောင်း အမေရိကန်ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံလုံခြုံရေးဌာနက ပြောကြားထားသည်။

ဆိုက်ဘာရာဇ၀တ်မှုများအတွက် တောင်အာရှနိုင်ငံများမှ နည်းပညာကျွမ်းကျင်သော လူငယ်များကို အသုံးချနေသည့် တရုတ်ငွေလိမ်ဂိုဏ်းများ၏ လုပ်ဆောင်မှုများကို အိန္ဒိယအာဏာပိုင်များက အရေးယူ ကိုင်တွယ်နေသည်။

မကြာသေးမီက အိန္ဒိယအစိုးရသည် ပြည်ထဲရေး၊ ပြင်ပရေးရာ၊ သတင်းအချက်အလက်နည်းပညာ၊ ဆက်သွယ်ရေးနှင့် ဘဏ္ဍာရေးအပါအဝင် ဝန်ကြီးဌာနအသီးသီးမှ ကျွမ်းကျင်သူအဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ဇန်နဝါရီလကတည်းက အမျိုးသားဆိုက်ဘာရာဇတ်မှုသတင်းပေးပို့သည့်ဝက်ဘ်ဆိုက်သည် နေ့စဉ် တိုင်ကြားစာပေါင်း ၇,၀၀၀ခန့်ကို ရရှိခဲ့ပြီး ယင်းတို့ထဲမှ ၈၅ ရာခိုင်နှုန်းသည် အွန်လိုင်းငွေကြေး လိမ်လည်မှုနှင့် ပတ်သက်သည်။ ယင်းလိမ်လည်မှု၏ ထက်ဝက်နီးပါးသည် အရှေ့တောင်အာရှနှင့် ဆက်စပ်နေသည်။

အိမ်နီးချင်းနိုင်ငံများတွင် တရုတ်ငွေလိမ်ဂိုဏ်းများသည် အခွင့်အလမ်းသစ်များနှင့် ဖောက်သည်များ ရှာဖွေနေခြင်းကြောင့် ဆိုက်ဘာရာဇ၀တ်မှုများတွင် ပိုမိုပါဝင်ပတ်သက်နေကြောင်း အိန္ဒိယထောက်လှမ်း ရေးဌာနများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် ဆိုက်ဘာရာဇဝတ်မှု များ သိသိသာသာ မြင့်တက်လာနေသည်။

နိုင်ငံများစွာကို လွှမ်းခြုံထားသည့် တရုတ်ငွေလိမ်ဂိုဏ်းများ၏ လှုပ်ရှားမှုများက ဒေသတွင်း ဆိုက်ဘာ လုံခြုံရေးကို သိသိသာသာ ခြိမ်းခြောက်နေသည်။