တရုတ်က စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်စဉ် အမေရိကန်က ထိုင်ဝမ်နှင့် နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်

တရုတ်က စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်စဉ် အမေရိကန်က ထိုင်ဝမ်နှင့် နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်

(ပုံစာ-ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ၂၀၂၄၊ မေ ၂၄ ရက်တွင် ရိုက်ယူ ဖော်ပြသည့် ဓာတ်ပုံတွင် ထိုင်ဝမ်၏ အရှေ့ဘက်ကမ်းရိုးတန်းမလှမ်းမကမ်း၌ တည်ရှိသည့် ဂရင်းကျွန်း အရှေ့တောင်ဘက် မိုင်အနည်းငယ်တွင် ခုတ်မောင်းနေသော တရုတ်စစ်သင်္ဘောတစင်းကို တွေ့ရစဉ်)

Devdiscourse

တရုတ်က ထိုင်ဝမ်ရေလက်ကြားနှင့် ဝန်းကျင်ဧရိယာများတွင် နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုများ စတင်ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် ထိုင်ဝမ်နှင့် ချိတ်ဆက်ညှိနှိုင်းရင်း အခြေအနေအပေါ် “နီးနီးကပ်ကပ် စောင့်ကြည့်” နေကြောင်းနှင့် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို သေချာစေရန် ဒေသ၌ ၎င်းတို့၏ လက်ရှိ အင်အား ဟန်နေဟန်ထားနှင့် လုပ်ဆောင်ချက်များအပေါ်တွင် ယုံကြည်ချက်ရှိကြောင်း ပြောဆိုသည်ဟု Focus Taiwan က ဖော်ပြသည်။

ထိုင်ဝမ်ရေလက်ကြားနှင့် အနီးဝန်းကျင်တွင် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှု သတင်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက စီအင်န်အေသို့ အီးမေးလ်ဖြင့် ဖြေကြားချက်တွင် ထုတ်ဖော်ခဲ့သည်။

ထို့ပြင် တရုတ်၏ လုပ်ဆောင်ချက်များက ဆယ်စုနှစ်များကြာ ဒေသ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားခဲ့သည့် ကာလကြာ စံသတ်မှတ်ချက်များအပေါ် ထိခိုက်လျော့ပါးစေပြီး တင်းမာမှုတို့ အရှိန်မြင့်တက်စေမည့် အန္တရာယ်ရှိစေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထပ်မံ မှတ်ချက်ပြုသည်။

ထိုင်ဝမ်၏ နိုင်ငံရေး အကူးအပြောင်းက ပုံမှန်ဖြစ်စဉ်တခု ဖြစ်ပြီး ယင်း၏ ဒီမိုကရေစီလုပ်ငန်းစဉ်၏ ပုံမှန်လုပ်ရိုးလုပ်စဉ် တစိတ်တပိုင်း ဖြစ်ကြောင်းနှင့် တရုတ်အနေဖြင့် တမင်ဆွသည့် သို့မဟုတ် အကျပ်ကိုင်သည့် လုပ်ဆောင်ချက်များအတွက် ယင်းကို မူမမှန်သော အကြောင်းပြချက်တခုအဖြစ် အသုံးမချသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုကြောင်း Focus Taiwan က ဖော်ပြသည်။

အမေရိကန်အနေဖြင့် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို သေချာစေရန်နှင့် ယင်း၏ အမျိုးသား လုံခြုံရေး ကတိပြုချက်များအတိုင်း ဖြည့်ဆည်းနိုင်စေရန် ဒေသ၌ ယင်း၏ လက်ရှိ အင်အား ဟန်နေဟန်ထားနှင့် လုပ်ဆောင်ချက်များတွင် ယုံကြည်မှု ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက အခိုင်အမာ ပြောသည်။

ထိုင်ဝမ်တွင် ရွေးကောက်ခံ သမ္မတ လိုင်ချင်တဲ၏ ကျမ်းသစ္စာဆိုသည့် အခမ်းအနား ပြီးနောက် သုံးရက်မျှအကြာ မေလ ၂၃ ရက်တွင် ထိုင်ဝမ်အနီးဝန်းကျင်ရှိ ရေပြင်နှင့် လေပိုင်နက်တွင် “Joint Sword-2024A” စစ်ရေးလေ့ကျင့်မှု စတင်ကြောင်း တရုတ် PLA စစ်တပ်၏ အရှေ့ဘက်စစ်တိုင်းက ကြေညာသည်။

တရုတ်၏ စစ်ရေးလေ့ကျင့်မှုများက ပူးတွဲ ရေပြင်-ဝေဟင် တိုက်ခိုက်ရေး အသင့်ရှိမှုဆိုင်ရာ ကင်းလှည့်မှုများ၊ ကျယ်ပြန့်သော စစ်မြေပြင်ထိန်းချုပ်မှုဆိုင်ရာ ပူးတွဲ သိမ်းယူမှုနှင့် အဓိက ပစ်မှတ်များအပေါ် တိကျသည့် ပူးတွဲတိုက်ခိုက်မှုများအပေါ် အာရုံစိုက်ကြောင်း တရုတ်အခြေစိုက် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။

“စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်း၏ မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက်တို့အပြင် ကင်မန်း၊ မတ်ဆု၊ ဝူချီယူနှင့် သောင်ယင် ကျွန်းများဝန်းကျင်ဧရိယာများတွင် လုပ်ဆောင်လျက် ရှိသည်” ဟု ယင်းက ဖော်ပြသည်။

တချိန်တည်းမှာပင် မေလ ၂၃ ရက်က ထိုင်ဝမ်သမ္မတ လိုင်က ထောင်ယွမ်ရှိ ကမ်းတက်တပ်ဖွဲ့ အမှတ် ၆၆ တပ်မဟာ၌ မိန့်ခွန်းပြောရာတွင် ၎င်းအနေဖြင့် ပြင်ပ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်အတွေ့တွင် ဒီမိုကရေစီကို ကာကွယ်မည့် ထိုင်ဝမ်၏ စိတ်ပိုင်းဖြတ်ထားမှုကို ကမ္ဘာကို ထုတ်ဖော်ပြသရင်း ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်စောင့်ရှောက်ရန်နှင့် လွတ်လပ်မှုနှင့် ဒီမိုကရေစီ စံတန်ဖိုးများကို ကာကွယ်ရန် စစ်မှုကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အားပေးတိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

အလားတူနေ့မှာပင် တရုတ် PLA စစ်တပ်၏ ကျည်အစစ် မသုံးသည့် စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်ရေလက်ကြားဝန်းကျင်တွင် ထောက်လှမ်းသိရှိထားကြောင်း ထိုင်ဝမ်၏ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) က ပြောသည်။ ယင်းနေ့ ညနေ ၆ နာရီအထိ PLA စစ်သင်္ဘော ၁၆ စင်းနှင့် တရုတ်ကမ်းခြေစောင့်သင်္ဘော ၁၉ စင်းတို့ ဧရိယာတွင် လှုပ်ရှားနေခဲ့ကြောင်း သိရသည်။