ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်) ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆိုင်ကလုန်း Remal မုန်တိုင်းဝင်ရောက်ပြီးနောက် ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် Patuakhali ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်ခါနီး နေအိမ်မြင်ကွင်း (Photo- AFP) 

The New York Times

ယခုရာသီ၏ ပထမဆုံးသော အပူပိုင်းမုန်တိုင်းဖြစ်သည့် ဆိုင်ကလုန်း ရီမယ်(လ်) သည် မေ ၂၆ ရက်က ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် လူ ၁၃ ဦးထက်မနည်း သေဆုံးကာ လူသန်းချီ ဓာတ်အားပြတ်တောက်မှုနှင့် ကြုံတွေ့ကြရသည်။

လေတိုက်နှုန်း တနာရီလျင် မိုင် ၇၀ ကျော်အထိ ရှိသည်ဟု တိုင်းတာသိရှိခဲ့သည့် ရီမယ်(လ်) မုန်တိုင်းကြောင့် ဒေသတခုလုံးတွင် ဓာတ်အားလိုင်းများ ပျက်စီးခြင်း၊ သစ်ပင်များ အမြစ်ကျွတ်လဲခြင်းနှင့် ထိခိုက်ပျက်စီးမှု တသီတတန်းကို ဖြစ်စေခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်၏ ကမ်းရိုးတန်းဧရိယာများတလျောက် လူနေအိမ် ၃၅,၀၀၀ ကျော် ထိခိုက် သို့မဟုတ် ပျက်စီးခဲ့ပြီး လူ ၃ ဒသမ ၅ သန်းခန့် မုန်တိုင်းဒဏ်ခံခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောသည်။

မေ ၂၇ ရက် ညနေပိုင်းတွင် လူ ၁၃ သန်းကျော် ဓာတ်အားပြတ်တောက်မှုနှင့် ကြုံတွေ့ရကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။ ထို တောင်အာရှ နိုင်ငံတွင် လူဦးရေ သန်း ၁၇၀ ခန့် ရှိသည်။

မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်တွင်လည်း နေအိမ်များ ထိခိုက်ပျက်စီးခြင်းနှင့် ဓာတ်အားပြတ်တောက်ခြင်းတို့ကို ဖြစ်စေခဲ့သည်။

ဒေသ၌ အပူချိန် ၁၀၄ ဖာရင်ဟိုက် သို့မဟုတ် ၄၀ ဆဲစိယပ်စ်ခန့်အထိ ရောက်ခဲ့သည့် သီတင်းပတ်များကြာ ပြင်းထန်အပူချိန်တို့ ရှိခဲ့ပြီးနောက် ယခု မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခြင်း ဖြစ်သည်။ ရီမယ်(လ်) မုန်တိုင်းသည် မေ ၂၆ ရက် ည ၉ နာရီခန့်က အိန္ဒိယ၏ ဆာဂါကျွန်းစုနှင့် ဘင်္ဂလားဒေ့ရှ် တောင်ဘက် မုန်ဂလာ ဆိပ်ကမ်းအနီး ကုန်းတွင်းပိုင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

မုန်တိုင်း မတိုက်မီ ဘင်္ဂလားဒေ့ရှ်၏ ပင်လယ်ကမ်းခြေ ကျေးရွာများမှ လူတသန်းခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။ အဆိုပါ ကျေးရွာများအနက် အများစုသည် ရေလွှမ်းမိုးခံရပြီး လူသန်းချီကို ခုခံနိုင်စွမ်းမရှိသလို ဖြစ်စေခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

“ဆိုင်ကလုန်း ရီမယ်(လ်) ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်း ဧရိယာတွေကို တိုက်ခတ်တာကြောင့် ကလေး ၃ ဒသမ ၂ သန်း အပါအဝင် လူ ၈ ဒသမ ၄ သန်းကျော်ဟာ ကျန်းမာရေး၊ အာဟာရ၊ မိလ္လာစနစ်နဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ဘေးမကင်းဘဲ ဖြစ်နေကြရပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ UNICEF ကိုယ်စားလှယ်တဦးဖြစ်သည့် ရှယ်လ်ဒွန် ယတ်က ထုတ်ပြန်ချက်တခုတွင် ပြောသည်။

ဘင်္ဂလားဒေ့ရှ်၏ ကုန်းတွင်းပိုင်းကျသည့် မြို့တော် ဒါကာတွင် မိုးသည်းထန်စွာ ရွာပြီး လေပြင်းများ တိုက်ခတ်ခဲ့သည်။ မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ Shah Amanat အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အိန္ဒိယ၏ ကိုးလ်ကတ္တား လေဆိပ်တို့တွင် လေယာဉ်ခရီးစဉ်များကို အလျဉ်ပြတ်စေခဲ့သည်။

မေလ ၂၈ ရက်တွင် မုန်တိုင်းသည် အားပျော့သွားခဲ့သော်လည်း ရက်အနည်းငယ်ကြာအထိ မိုးကြီးမှုနှင့် လေပြင်းထန်မှုတို့ ဆက်ရှိနေနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယရှိ မိုးလေဝသပညာရှင်တို့က သတိပေးသည်။

ဘင်္ဂလားဒေ့ရှ်သည် မကြာသေးသည့် နှစ်များအတွင်း ပြင်းထန်သည့် မုန်တိုင်းတချို့ တိုက်ခတ်မှုကို ခံခဲ့ရသည်။ ယမန်နှစ် မေလကလည်း အားပြင်း ဆိုင်ကလုန်း မိုခါက ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကို ဝင်ရောက်တိုက်ခတ်ခဲ့သည့်အတွက် လူတချို့ သေဆုံးခဲ့ရသည်။

ထို မုန်တိုင်းကြောင့် ကော့ဇ် ဘဇားရှိ ပြန့်ကျဲရှိနေသော ရိုဟင်ဂျာ ဒုက္ခသည်စခန်းများကို ကြီးကြီးမားမား ထိခိုက်ပျက်စီးစေခဲ့ပြီး ဝါးချပ်များ၊ ပလတ်စတစ် တာပေါ်လင်စများဖြင့် ဆောက်ထားသည့် တဲကုပ်များနှင့် သင်ကြားရေးစင်တာ ၃,၀၀၀ ကျော် ပျက်စီးခဲ့ရသည်။

ဖိလစ်ပိုင်တွင်လည်း ယခုရာသီ၏ ပထမဆုံး အပူပိုင်းမုန်တိုင်းကို မြင်ခဲ့ရသည်။ တိုင်ဖွန်း Ewiniar သည် မေ ၂၅ ရက် မနက်ပိုင်းက ကျွန်းနိုင်ငံကို ဝင်တိုက်ခဲ့သည်။

မုန်တိုင်းကြောင့် သေဆုံးသူ ခုနစ်ဦး ရှိကြောင်း ဖိလစ်ပိုင် အရပ်ဖက် ကာကွယ်ရေးရုံးက မေ ၂၇ ရက်တွင် ထုတ်ပြန်သည်။ မုန်တိုင်းသည် လေပြင်းတိုက်နှုန်း တနာရီ မိုင် ၄၀ ကျော် ရှိခဲ့ကြောင်း ဖိလစ်ပိုင်၏ ကမ္ဘာ့လေထု၊ ဘူမိရူပဗေဒနှင့် နက္ခတ္တဗေဒဆိုင်ရာ‌ အေဂျင်စီအရ သိရသည်။