ထိုင်ဝမ်အား ကျူးကျော်ရန် ဧရာမသင်္ဘောအုပ်စု တရုတ် ပြင်ဆင်

The Telegraph

ထိုင်ဝမ်အား ဖိအားပေးသည့် တိုက်ပွဲစဉ်အား တရုတ်က အရှိန်မြှင့်လျက် ရှိခြင်းကြောင့် ထိုင်ဝမ်ကျွန်းကို ကျူးကျော်ရေး ကူးတို့ယာဉ်နှင့် အရပ်ဘက်ရေယာဉ် သင်္ဘောအုပ်စုကြီးကိ တရုတ်က ပြင်ဆင်လျက် ရှိသည်။

ထိုင်ဝမ်ကျွန်းဆီ D-Day ဆင်းသက်မှု၌ ကျူးကျော်ဝင်ရောက်ရေးအတွက် လိုအပ်သော ကုန်းရေနှစ်သွယ် ဆင်းသက်ရေးယာဉ်များ အရေအတွက် များစွာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တွင် မရှိသော်လည်း အဆိုပါ ကွာဟချက်ကို ဖြည့်ဆည်းရန် တစင်းလျှင် သံချပ်ကာယာဉ် ရာနှင့်ချီကာ တင်ဆောင်နိုင်သည့် မောင်းတက်မောင်းဆင်း ဧရာမ ကူးတို့ယာဉ် ဒါဇင်များစွာအပါအဝင် အရပ်ဘက် ရေယာဉ်များဖြင့် အသုံးချသွားမည် ဖြစ်သည်။

“ပစ်ခတ်မှုအောက်မှာဆိုရင် ကုန်းရေနှစ်သွယ်ယာဉ်တွေဟာ စစ်ချီစစ်တက်ဖို့ အခက်ဆုံးထဲမှာ ပါပါတယ်”ဟု တောင်တရုတ်ပင်လယ်ရှိ grey zone မှ လှုပ်ရှားမှုများကို ဦးတည်သည့် စတန်းဖို့ဒ်တက္ကသိုလ် ပရောဂျက်တခုဖြစ်သော SeaLight မှ ဒါရိုက်တာဖြစ်သူ ရေးပိုဝဲလ်က ပြောသည်။

မစ်ရှင်တခုအတွက် အရပ်ဘက်ကူးတို့ယာဉ်များကို ပုံမှန်အားဖြင့် ရွေးချယ်ခြင်းသည် အားနည်းသော ရွေးချယ်မှု ဖြစ်လိမ့်မည် ဖြစ်သော်လည်း ထိုင်ဝမ်၏ ကမ်းရိုးတန်း ကာကွယ်ရေးကို ဖျက်ဆီးပြီးနောက် သို့မဟုတ် ကျွန်း၏ စစ်တပ်ကို လွှမ်းမိုးပြီးနောက်၌ ထိုင်ဝမ်ရေလက်ကြားတလျှောက် တရုတ်တပ်ဖွဲ့ဝင်များကို အလုံးအရင်းဖြင့် ပို့ဆောင်ရာတွင် အသုံးချနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုင်ဝမ်တွင် သမ္မတသက်တမ်း လေးနှစ်အတွက် လိုင်ချင်တယ်က တိုင်ပေ၌ ရဲရဲတောက် ကျမ်းသစ္စာဆို မိန့်ခွန်းပြောသည့်နောက်တွင် “ခွဲထွက်ရေး လုပ်ရပ်များ” အတွက် “ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်း” ဆိုကာ တရုတ်သည် ကြာသပတေးနေ့၌ ထိုင်ဝမ်ပတ်လည် ရေပြင်တွင် နှစ်ရက်တာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

ယင်းသည် ကုန်လွန်ခဲ့သည့် နှစ်နှစ်အတွင်း ထိုင်ဝမ်ကျွန်းအား ဝိုင်းပတ်ကာ တတိယမြောက် စစ်ရေးလေ့ကျင့်မှုပဲ ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ တရုတ်ကို ကိုယ့်ကိုကို စောင့်ထိန်းဖို့ တိုက်တွန်းတယ်၊ ထိုင်ဝမ်ရေလက်ကြားနဲ့ အလွန် ဝန်းကျင်တလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ယိုင်နှဲ့နေတာကို ရပ်ပစ်ဖို့ တိုက်တွန်းတယ်”ဟု ထိုင်ဝမ်နိင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်သည် ဒီမိုကရက်တစ် ထိုင်ဝမ်အား ၎င်းပိုင် နယ်မြေအဖြစ် သတ်မှတ်ထားပြီး ထိန်းချုပ်မှုအောက်သို့ အင်အားသုံးပြီးတောင် ဆောင်ကြဉ်းရန် စိတ်ပိုင်းဖြတ်ထားပြီး ရှီကျင့်ဖျင်က ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကျွန်းအား သိမ်းယူရေး အသင့်ရှိရန် တရုတ်စစ်တပ်ကို အမိန့်ထုတ်ထားသည်ဟု အမေရိကန်ထောက်လှမ်းရေးက ယုံကြည်ထားသည်။

တချိန်တည်းမှာပင် ထိုင်ဝမ်သည် မကြာခဏ ဆိုင်ဘာတိုက်ခိုက်မှုများ၊ ၎င်း၏ ပိုင်နက်ဝေဟင်ထဲ တရုတ်စစ်တိုက်လေယာဉ်များ ပုံမှန်ကျူးကျော်မှုများနှင့် ၎င်း၏ ရေပြင်တွင် တရုတ်သင်္ဘောများ နှောင့်ယှက်ခြင်းများ အပါအဝင် grey zone လှုပ်ရှားမှုများဟု ဆိုသည့် လုပ်ဆောင်ချက်များကို ရင်ဆိုင်တုံ့ပြန်နေရသည်။

ထိုင်ဝမ်၏ စစ်တပ်သည် တရုတ်ထက် မယှဉ်နိုင်အောင် အင်အားသေးသော်လည်း အလေးသာသည့် တောတောင်ထူထပ်သော မြေအနေအထားနှင့် ၁၁၀ မိုင်ရှိ ထိုင်ဝမ်ရေလက်ကြားတို့က ကျွန်းကို ကာကွယ်ပေးထားသည်။