ဒူတာတေး-တရုတ် “လျှို့ဝှက်သဘောတူညီချက်”က အချုပ်အခြာအတွက် အပေးအယူဖြစ်လာနိုင်ဟု မားကို့စ် ပြော

Photo:AFP

Phil Star Global

တရုတ်နှင့် ယခင် သမ္မတ ရိုဒရီဂို ဒူတာတေးကြားက သဘောတူညီချက်သည် “လျှို့ဝှက်သဘောတူညီချက်” ဖြစ်သည်ဟု သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောလိုက်ပြီး ယင်းကို မထုတ်ဖော်ဘဲ ဆက်လက်ထားခြင်းက ဖိလစ်ပိုင်၏ အချုပ်အခြာနှင့် ပိုင်နက်ဂုဏ်သိက္ခာအား အပေးအယူ လုပ်ရခြင်း ဖြစ်လာနိုင်သည်ကို စိုးရိမ်ပူပန်ကြောင်း ဖော်ပြသည်။

ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်အတွင်း တည်ရှိပြီး တရုတ်က ပိုင်ဆိုင်ကြောင်း အတည်ပြုနေသော Ayungin Shoal ပင်လယ်ရေတိမ်ပိုင်းနှင့် စပ်လျဉ်း၍ ယခင် ဖိလစ်ပိုင်အစိုးရနှင့် gentleman’s agreement သဘောတူညီချက်တရပ် ရှိကြောင်းကို ဖိလစ်ပိုင်ရှိ တရုတ်သံရုံးက အတည်ပြုလာသည့်နောက်တွင် ဝါရှင်တန်ဒီစီ၌ မီဒီယာအင်တာဗျူးတရပ်၌ မားကို့စ်က ပြောခြင်း ဖြစ်သည်။

“ကောင်းပြီ၊ အခုဆိုရင် တရုတ်သံရုံးက အတည်ပြုလာပြီ၊ ဒါကြောင့် လျှို့ဝှက်သဘောတူညီချက်တရပ် ရှိတာကို ကျွန်တော်တို့ အခု သိရပြီ၊ အခု ဒုတိယမေးခွန်း ကျွန်တော်မှာ ရှိတာက ဒီ ဒုတိယသဘောတူညီချက်မှာ ဘာတွေ ပါလဲဆိုတာပဲ”ဟု မားကို့စ်က သတင်းထောက်များအား ပြောသည်။

“တရုတ်ဆီ ဒူတာတေးအစိုးရ ဘာတွေ ကတိပေးခဲ့သလဲ၊ အခု ကျွန်တော်တို့ အတည်ပြုနိုင်တာက ဒီ သဘောတူညီချက် ရှိတယ်ဆိုတာကိုပဲ၊ သူတို့က ဒါကို gentleman’s agreement ခေါ်တယ်၊ ကျွန်တော်ကတော့ လျှို့ဝှက်သဘောတူညီချက်လို့ပဲ ခေါ်မယ်”ဟု ၎င်းက ဆိုသည်။

ဗီယက်နမ်နှင့် ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း အတည်ပြုထားသည့် Second Thomas ဟုလည်းခေါ်သည့် Ayungin ပင်လယ်ရေတိမ်ပိုင်းသည် အနောက်ဖိလစ်ပိုင်ပင်လယ်အတွင်း ပါလာဝန်မှ ရေမိုင် ၁၀၅ မိုင်အကွာတွင် တည်ရှိသည်။

တရုတ်သည် အဆိုပါ ဧရိယာအတွင်း ဖိလစ်ပိုင်ရေယာဉ်များကို အနှောင့်အယှက်ပေးပြီး ၎င်း၏ တည်ရှိမှုကို ဆက်လက်ထိန်းသိမ်းထားသည်။ တရုတ်၏ တောင်တရုတ်ပင်လယ်တခုလုံးနီးပါး ပိုင်ဆိုင်ကြောင်း အတည်ပြုမှုကို အနုညာတခုံရုံးက တရားမဝင်ကြောင်း ၂၀၁၆ တွင် စီရင်ချက် ချမှတ်ခဲ့သည်။

မားကို့စ်က သူအနေဖြင့် ဒူတာတေးနှင့် နိုင်ငံခြားရေးမူဝါဒနှင့် တောင်တရုတ်ပင်လယ်နှင့် စပ်လျဉ်းသော သဘောတူညီချက်များအား ဆွေးနွေးရန် အသင့်ရှိနေကြောင်း ပြောသည်။ အရှေ့အာရှ၏ အကြီးဆုံး တရုတ်နှင့် ၎င်းတို့အစိုးရကြား ရရှိခဲ့သော သဘောတူညီချက်အားလုံးနှင့် ဆက်စပ်သော မှတ်တမ်းမှတ်ရာများ ရှိထားကြောင်း ခေါင်းဆောင်ဟောင်း ဒူတာတေးက ပြောသည်။

လက်ရှိ နိုင်ငံခေါင်းဆောင် မားကို့စ်က နိုင်ငံ၏ အချုပ်အခြာနှင့် ပိုင်နက်ဂုဏ်သိက္ခာကို အပေးအယူ လုပ်ရနိုင်ခြင်းကြောင်း လျှို့ဝှက်သဘောတူညီချက် ချုပ်ဆိုသော အယူအဆကို သဘောမတူကြောင်း ပြောသည်။

“ဒါကို ဒေသတာဝန်ရှိသူတွေ သိရှိသင့်တယ်၊ လူတိုင်း သိရှိသင့်တယ်၊ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ခင်ဗျားတို့ တာဝန်ခံရမှာကြောင့်ပဲ၊ ဒါဟာ ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်ဆိုရင်လည်း ခင်ဗျားတို့မှာ တာဝန်ရှိတယ်”ဟု မားကို့စ်က ပြောသည်။

“ကျွန်တော်တို့ကို ပြောပါ၊ ခင်ဗျားတို့ အမှားတခု လုပ်မိပြီ၊ ဟုတ်လား၊ ခင်ဗျားတို့ ဘာကို ဖုံးကွယ်ထားသလဲ၊ ဘာကြောင့် ဒါကို လျှို့ဝှက်ထားသလဲ၊ ဘာတွေ ဖုံးကွယ်ထားသလဲ၊ ဘာကြောင့် လျှို့ဝှက်ထားသလဲ”ဟု မားကို့စ်က ဆိုသည်။

၁၉၈၇ ဖွဲ့စည်းပုံ ဥပဒေအရ သဘောတူညီချက်အားလုံး သို့မဟုတ် နိုင်ငံသဘောတူညီချက်များကို ဆီးနိတ်လွှတ်တော်၏ အမတ်အားလုံး၏ သုံးပုံနှစ်ပုံ အနည်းဆုံး သဘောတူပြီးမှ တရားဝင်ဖြစ်စေနိုင်ခြင်း ဖြစ်သည်။