ယင်းမာပင်နှင့်ရေဦးတွင် စစ်ကောင်စီတပ်အားတိုက်ခိုက်မှု၆ ဦးသေဆုံးဟု PDF ပြော

ပုံအညွှန်း - တိုက်ခိုက်ရေး ဒရုန်းများ တပ်ဆင်နေသည့် ရွှေဘိုင်ခရိုင်တပ်ရင်း(၁၄)တပ်ဖွဲ့ဝင်များကိုတွေ့ ရစဉ်

ပုံအညွှန်း – တိုက်ခိုက်ရေး ဒရုန်းများ တပ်ဆင်နေသည့် ရွှေဘိုင်ခရိုင်တပ်ရင်း(၁၄)တပ်ဖွဲ့ဝင်များကိုတွေ့ ရစဉ်

လွှမ်းမိုး၊MTO

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ယင်းမာပင်နှင့်ရေဦးမြို့၌ စစ်ကောင်စီတပ်အား မေလ ၂၇ရက်က တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။

မေလ ၂၇ရက် ည ၁၁ခွဲခန့်က ယင်းမာပင်မြို့အဝင်ဆိုင်းဘုတ်အနီးမှ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ချင်းတွင်းတိုးနယားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဒေါင်းမင်းတပ်ရင်းနှင့် ပူးပေါင်းတိုက််ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်းချင်းတွင်းတိုးနယားတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
“ မြို့ထဲကနေ မြို့အဝင်ဆိုင်းဘုတ်နားကို ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်သားတွေကို ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲပြီးနောက် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို အသေးစိတ်အတည်မပြုနိုင်သေးပေ။

မေလ ၂၇ ရက်နေ့ ညနေ ၄နာရီ ၄၅ မိနစ်ခန့်ကလည်း ရေဦးမြို့အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၄) – Ye U PDFက သတင်းထုတ်ပြန်ထားသည်။

ရွှေဘိုခရိုင်တပ်ရင်း (၁၄)တပ်ရင်းမှူး ကိုဇွဲက “ အဆင်မြှင့်တင်ထားတဲ့ ကျတော်တို့ ဒရုန်းတွေနဲ့ သူတို့(စစ်ကောင်စီတပ်) ဂျန်ပါအားကောင်းတဲ့နေရာကို စမ်းသပ်ပြီးတော့ ချတဲ့သဘောပါ။အောင်မြင်ပါတယ်” ဟု ပြောသည်။

စစ်‌ကောင်စီဘက်၌ ထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ်မသိရှိရသေးကြောင်း၎င်းက ပြောသည်။

လတ်တလောတွင် ယင်းမာပင်နှင့်ရေဦးမြို့နယ်အတွင်း စစ်ရေးတင်းမာနေ၍ ဒေသခံများ စစ်ရေးနှင့်လုံခြုံရေး သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။ ထို့အပြင် ယင်းမာပင်ခရိုင်အတွင်းရှိ ပုလဲ၊ ဆားလင်းကြီးမြို့နယ်တို့၌လည်း စစ်ကောင်စီနှင့်ပျူစောထီးစစ်ကြောင်းအချို့ရှိနေသည်။ ရေဦးမြို့နှင့်ထိစပ်နေသော တန့်ဆည်မြို့၌လည်း စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေသည်ဟု ဒေသခံများကပြောသည်။

စာတည်း – အေးချမ်း