မုံရွာတွင် PDF က ဖမ်းဆီးထားသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကို ခရိုင် ပလဖ စစ်ဆေးနေ

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကို ယင်းမာပင်ခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေသည်ဟု ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦး ကပြောသည်။

မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက်၊ (၉)လမ်းတွင်နေထိုင်သူ အိမ်ခြံမြေလုပ်ငန်းရှင် ကိုကျော်စိုးသူဦးကို မတ်လ ၂၈ရက်တွင် Dragon Brothers Task Force (DBTF) အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုအဖွဲ့က ဧပြီလ ၇ ရက် တွင် ထုတ်ပြန် ထားသည်။

“ခရိုင်ပလဖ မှာထိန်းသိမ်းထားတယ် ။ အဲဒီကမှ တဆင့် ခရိုင်ကွပ်ကဲရေး ပေါင်းစပ်ညှိနှိုင်းရေးကိုတင်ပြမယ်။ ဒလန်(စစ်ကောင်စီ သတင်းပေး) အနေနဲ့ သက်ရောက်မှုရှိလား၊ မရှိဘူးလား ၊ ရှိတယ် ဆိုရင်တော့ အရေးယူထောင်ချတာလုပ်မယ် ဥပဒေနဲ့အညီပေါ့ ။ မရှိဘူးဆိုရင်တော့ လွှတ်ပေးလိုက်မှာပေ့ါ” ဟု ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦး က မဇ္စျိမကိုပြောသည်။

ကိုကျော်စိုးသူဦးသည် စစ်ကောင်စီသတင်းပေးမဟုတ်ဘဲ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူ အရပ်သားသာ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကိုကျော်စိုးသူဦး က အိမ်ခြံမြေပွဲစားဆိုတော့ လုပ်ငန်းသဘောအရ စည်ပင် ၊ ထွေအုပ် စတဲ့ရုံးတွေကို ဝင်ထွက်သွားလာရတာရှိတာပေါ့ ။ အဲဒါကိုကြည့်ပြီး ဒလန် လို့တော့ပြောမရဘူးလေ ။ သူက အဲလိုလူမျိုးမဟုတ်ဘူးဆိုတာပြောချင်တယ်” ဟု နာမည်မဖော်လိုသည့် မုံရွာမြို့ခံတဦးက ပြောသည်။

အခြားဒေသခံ တဦးကလည်း ၎င်းသည် လုပ်ငန်းရှင်ဖြစ်၍ ဖမ်းဆီးသည့်အဖွဲ့က ငွေကြေးတောင်းခံလိုသဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

DBTF အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ကိုကျော်စိုးသူရဦး၏ အမ ဖြစ်သည်မှာ Non CDM ဖြစ်သည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်းနှင့် အခြေအနေမှန်ကို စိစစ်ပြီး အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း မုံရွာမြို့ခံက ဆိုသည်။

DBTF အဖွဲ့ ထုတ်ပြန်ချက်တွင် ဖမ်းဆီးထားသည့် ကိုကျော်စိုးသူဦး နှင့် အတူ ပစ္စတို (၉) မမ တလက်၊ အိမ်ခြံမြေအရောင်း အဝယ်ပြု လုပ်မှုနှင့် သက်ဆိုင်သည့် စည်ပင်သာယာရေး ဌာန၏ စာရွက်စာတမ်းများကို ဖော်ပြထားသည်။

ကိုကျော်စိုးသူဦးကို ဖမ်းဆီးခဲ့သည့် DBTF အဖွဲ့ခေါင်းဆောင် ကိုနိုင်မင်းက “သူ့ကို သေချာစောင့်ကြည့်ပြီး စကစထောက်တိုင်အနေနဲ့သေချာပြီဆိုမှ ဖမ်းဆီးခဲ့ကြတာပါ။ သူက အိမ်ခြံမြေပွဲစားလည်းလုပ်တာဆိုတော့ အိမ် အရောင်း ၊ အဝယ်လုပ်ချင်သူ အနေနဲ့ အသွင်ယူဖမ်းဆီးခဲ့တာပါ” ဟု မဇ္စျိမကို ပြောသည်။

ယင်းမာပင်မြို့နယ် အခြေစိုက် DBTF အဖွဲ့က ကိုကျော်စိုးသူဦးကို ယင်းမာပင်မြို့နယ် ၊ ပြည်သူ့ လုံခြုံရေးအဖွဲ့ (ယင်းမာပင် မြို့နယ် ပလဖ) ထံ လွှဲပြောင်းပေးခဲ့ပြီးနောက် မြို့နယ် ပလဖ မှတဆင့် ခရိုင်ပလဖ သို့ ထပ်မံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး