ကော့သောင်းတွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းဆီးမည်ဟု စစ်ကောင်စီခြိမ်းခြောက်

ကော့သောင်းမြို့ ကမ်းနားရှိ ငွေလွဲလည်လုပ်ငန်း လုပ်ကိုင်နေသည့် နေရာအားတွေ့ရစဉ်။

ကော့သောင်းမြို့ ကမ်းနားရှိ ငွေလွဲလည်လုပ်ငန်း လုပ်ကိုင်နေသည့် နေရာအားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင် သူများကို စစ်ကောင်စီက ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း ငွေလွှဲလုပ်ငန်း လုပ် ကိုင်သူများနှင့် မြို့ခံများထံမှ သိရသည်။

လက်ရှိတွင် ကျပ်ငွေတန်ဖိုးထိုးကျနေမှုကြောင့် ထိုင်းဘတ်နှင့် မြန်မာကျပ်ငွေလဲလှယ်နေသည့် လုပ်ငန်း ရှင်အချို့ကို စစ်ကောင်စီက ဖမ်းဆီးအရေးယူမည်ဆိုသောသတင်းများကြောင့် လုပ်ငန်းရပ်နားထားရ ကြောင်း ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

“ဘယ်နေ့ လာဖမ်းမလဲဆိုပြီး ကြောက်နေရတာပေါ့၊ ကော့သောင်းမှာက ဒီအလုပ် လုပ်တဲ့သူတွေကို အား လုံးကသိနေကြတော့ လက်တလော ငွေလွှဲလုပ်ငန်းရပ်နားထားရတယ်။ သူတို့(စစ်ကောင်စီ)ကလည်း ဘတ်ဈေးတက်ရင် ဒါမျိုးပဲ လုပ်တတ်တာလေ”ဟု ကော့သောင်းမြို့မှ ငွေလွဲလုပ်ငန်းလုပ်ကိုင်သူ ဒေသခံ တဦးက ပြောသည်။

လက်ရှိအခြေအနေတွင် ငွေလွှဲလုပ်ငန်းနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးငွေညှစ်မည်ကိုလည်း စိုးရိမ်နေရကြောင်း ဒေသခံများက ဆိုသည်။

“ဒီနေ့ ညနေပိုင်းအထိ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ကို ၇၉၅ ဘတ်ရှိတယ်၊ အချိန်နဲ့အမျှ စျေးကအပြောင်း အလဲရှိနေလို့ ထိုင်းဘတ်ငွေ ၁,၀၀၀ ပြန်ဝယ်ရင်လည်း ကျပ် ၁၂၀,၀၀၀ ကျော်အထိရှိနေပြီး စျေးက မငြိမ်ဘူး ဖြစ်နေတယ်”ဟု ငွေလွဲလုပ်ငန်း လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့ကာ စစ်ကောင်စီက နည်း မျိုးစုံဖြင့် ထိန်းချုပ်ရန်ကြိုးပမ်းနေသော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။ လက်ရှိ ငွေကြေးဈေးကွက်တွင် ၂၀၂၄ ခုနှစ် ဧပြီလနောက်ဆုံးပတ်မှစတင်ကာ ကျပ်ငွေတန်ဖိုး တောက်လျှောက်ကျဆင်းနေခဲ့ပြီး ယနေ့ (မေလ ၂၉)ရက်တွင် ထိုင်းဘတ်ငွေ တဘတ်လျင် ၁၂၈ ကျပ် အထိ ကျဆင်းလျက်ရှိသည်။

စာတည်း။ ။ စောဖေ