NLD နာယကကြီး ဦးတင်ဦးဆီ ရွှေညဝါဆရာတော် သွားရောက်တွေ့ဆုံ

ဓာတ်ပုံ – မဇ္ဈိမ (ပုံအညွှန်း – ရန်ကုန်ဆေးရုံကြီးတွင် မေလ ၃၁ ရက်နေ့က NLD နာယကကြီး ဦးတင်ဦးဆီ ရွှေညဝါ ဆရာတော် သွားရောက်တွေ့ဆုံခဲ့စဉ်)

မောင်ခက်နွေ

မဇ္ဈိမ။ ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကကြီး သူရဦးတင်ဦးထံ ရွှေညဝါဆရာတော် သွားရောက်တွေ့​ဆုံခဲ့သည်ဟု ဆရာတော်၏ ဒယိကာမ တဦးက မဇ္ဈိမကို ပြောသည်။

“ဆရာတော်က မနက်ဖြန် ဘဘရဲ့ မွေးရက်ဆိုတော့ ဆုတောင်းမေတ္တာပို့ပြီး ရွတ်ဖတ်သရဇ္ဈာယ်ပေးခဲ့တယ်။ ဆရာတော်က ဘဘကို ကြားလား၊ တရားနာရလား၊ မေးတော့။ ဘဘက ခေါင်းပြန်ညိတ်တယ်။ လက်ရှိ အထိ အသိနဲ့ သတိကတော့ရှိတယ်” ဟု ဆရာတော်၏ ဒယိကာမ တဦးမှ မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေ ၂၉ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသူ သူရဦးတင်ဦး ကျန်းမာရေးအနည်းငယ်ချို့ယွင်းလာတာသည့်အတွက် ရန်ကုန်ပြည်သူ့ ‌ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။

ထို့နောက် မေ ၃၀ ရက်နေ့တွင် အထူးကြပ်မတ် ကုသဆောင်သို့ ‌ပြောင်းရွှေ့ကာ ကုသမှုခံယူနေခြင်း ဖြစ်သည်။

“ဒီည အဆုတ်ထဲက ရေစုပ်ထုတ်မယ်တဲ့။ ဘဘ ခံနိုင်ရည်ပေါ်မူတည်တာပေါ့နော်။ အခုက အဆုတ်ထဲရေဝင်တော့ ရေအိတ်က နှလုံးကိုပိပြီး ဘဘ က အရမ်းမောနေတယ်” ဟု နီးစပ်သူတဦးက မဇ္ဈိမ ကို ပြောသည်။

၁၉၈၉ ခုနစ် ဒီဇင်ဘာလအထိ တနှစ်ကြာ NLD ပါတီ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သော သူရဦးတင်ဦးသည် ၂၀၁၇ ခုနှစ်တွင် ရန်ကင်းနေအိမ် ရေချိုးခန်း၌ ချော်လဲသည့်ဒဏ်ကြောင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူနေရသည်။

စစ်ဗိုလ်ချုပ်ကြီးဟောင်း တဦးလည်းဖြစ်သည့် ဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ယူခဲ့ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ရရှိထားသူလည်းဖြစ်၍ ၁၉၈၈ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီကို ဦးဆောင်တည်ထောင်သူများတွင် တဦး အပါအဝင် ဖြစ်သည်။

စာတည်း – သန့်ဇော်(သန့်လျင်)