ခြံအမှတ် (၅၄) ကိစ္စ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ ကန့်ကွက်

001

(မဇ္ဈိမ)။       ။ ရန်ကုန်မြို့၊ တက္ကသိုလ် ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အ‌ပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ယနေ့ မေလ ၃၁ ရက်နေ့ ကမာရွတ်ခရိုင်တရားရုံးတွင် ပြုလုပ်သည့် ရုံးချိန်းတွင် ကန့်ကွက်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

ဦးအောင်ဆန်းဦး၏ ဒုတိယအကြိမ် လေလံကြမ်းခင်းဈေး ကျပ် ၂၈၅ ဘီလီယံဖြင့် ရောင်းချရန် တင်ပြမှု၊ ခြံအမှတ်( ၅၄ )ထဲ ဝင်ရောက်ကြည့်ရှုခွင့်ပေးရန် တင်ပြမှုတို့အပေါ် အဓိကထားကန့်ကွက်ခဲ့ပြီး ကာယကံရှင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရှေ့နေအဖွဲ့နှင့် တွေ့ခွင့်မရသည့် အခြေအနေတွင် ယခုကဲ့သို့ မဆောင်ရွက်သင့်ကြောင်း လျှောက်ထားခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

နောက်ရုံးချိန်းကို လာမည့် ဇွန်လ ၁၂ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားပြီး ယင်းကိစ္စအပေါ် နှစ်ဖက်ကြားနာမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး ၎င်း၏ ရှေ့နေအဖွဲ့နှင့် တွေ့ဆုံခွင့်မရတော့ဘဲ ရှေ့နေအဖွဲ့၏ လူချင်းတွေ့ဆုံခွင့်ပေးရန် တင်ပြမှုများကိုလည်း စစ်ကောင်စီက လက်ခံခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်က ဒေါ်ခင်ကြည်အမည်ပေါက် နှစ်ဧက နီးပါးကျယ်ဝန်းသည့် ခြံအမှတ် (၅၄ ) ကို လေလံကြမ်းခင်းဈေး ငွေကျပ် ၃၁၅ ဘီလီယံဖြင့် ခြံရှေ့တွင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူမရှိခဲ့ပေ။

ထို့ကြောင့် ခြံအမှတ် (၅၄) ကို ဒုတိယအကြိမ် လေလံပစ်ရန် ဦးအောင်ဆန်းဦးဘက်က လေလံကြမ်းခင်းဈေးကို လျှော့ချတင်ပြလာပြီး အဆိုပါ နှုန်းထားအတိုင်းပြင်ဆင်ပေးရန် တရားရုံးတွင် လျှောက်ထားခြင်းဖြစ်သည်။

ခြံအမှတ် (၅၄ ) အမွေဆိုင်အမှုသည် ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်းခွဲဝေယူရန် အမိန့်ချမှတ်ခဲ့သည်။

သို့သော် ထိုအမိန့်အပေါ် ဦးအောင်ဆန်းဦးက မကျေနပ်သည့်အတွက် ခြံဝန်းတခုလုံးကို လေလံပစ်ပြီး ရရှိသည့်တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့်ဆက်တက်ခဲ့ရာ ပယ်ချခံခဲ့ရသည်။

ထို့နောက် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လထဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ခြံအမှတ် ( ၅၄ ) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ကလည်း ကြားကာလအမျိုးသားအဆင့်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ဆက်စပ်ဥပဒေများဖြင့် ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး