ရေဦးတွင် အပူဒဏ်ကြောင့် အိမ်ပြင်ထွက်ထိုင်နေသော အမျိုးသမီး စစ်ကောင်စီ လက်နက်ကြီးထိမှန် သေဆုံး

ပုံအညွှန်း- ရေဦးမြို့နယ် ၊ ဇီးကန်ကျေးရွာ တွင် စစ်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပုံ(ပုံ- ရေဦးပကဖ)

ပုံအညွှန်း- ရေဦးမြို့နယ် ၊ ဇီးကန်ကျေးရွာ တွင် စစ်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပုံ(ပုံ- ရေဦးပကဖ)

လွမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့နှင့်သုံးမိုင်ခန့်အကွာရှိ နှောကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ် သော လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အမျိုးသမီးတဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၃၁ ရက်နေ့ ည ၈ နာရီခန့်က ရေဦးမြို့ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က အနီးဝန်းကျင် ကျေးရွာများသို့ လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ရာတွင် နှောကုန်းကျေးရွာအတွင်း ကျရောက်ပေါက် ကွဲပြီး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်ထဲမှာ ပူအိုက်နေလို့ အပြင်ထွက်ထိုင်နေချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာပါ။ လက်နက် ကြီးအစက ဦးခေါင်းကိုဖောက်ဝင်ပြီး နေရာတင်သေဆုံးခဲ့တာ ဖြစ်ပါတယ်” ဟု လုံခြုံရေးအရ အမည် မဖော်လိုသော ဒေသခံတဦးက ဆိုသည်။

စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး နှောကုန်းကျေးရွာနေ ဒေါ်ကြည်စိန်(၅၀ နှစ်) ဆို သူသေဆုံးခဲ့ပြီး ယနေ့ (ဇွန်လ ၁ ရက်) နံနက်ပိုင်းက မီးသင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

“၁၂၀ မမနဲ့ လှမ်းပစ်တာဆိုတော့ သုံးမိုင်ကျော်လောက်ထိ ရောက်တာပေါ့။ နှောကုန်းရွာက လက်နက်ကြီး နဲ့ ပစ်ခတ်ခံရတာ အကြိမ် ၅၀ လောက်ရှိပါပြီ။ လူသေဆုံးမှုကတော့ ပထမဆုံးပေါ့” ဟု ဒေသခံတဦးက ပြောသည်။

ရေဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် တိုင်းရင်းဆေးရုံနှင့် အ.ထ.က(၁) တို့တွင် တပ်စွဲထားပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ များထံမှ သိရသည်။

ရေဦးမြို့နယ် နှောကုန်းကျေးရွာသည် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး စစ်ကောင်စီတပ်၏ မီးရှို့ခြင်းကို နှစ်ကြိမ်တိုင် ခံခဲ့ရသည့် ကျေးရွာဖြစ်သည်။ အများစုမှာ လယ်ယာစိုက်ပျိုးရေး အဓိကထားလုပ်ကိုင်ကြပြီး နှစ်စဉ် စပါး တင်းရေ သိန်းနှင့်ချီထွက်သော်လည်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုနှင့် လက်နက်ကြီးရန်ကြောင့် လုပ်ငန်းခွင်မဝင်နိုင်သည့်အတွက် စပါးထွက်နှုန်းကျဆင်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ