စစ်ရှောင်အမျိုးသမီးတွေ ကျော်ဖြတ်နေရတဲ့ လစဥ် အခက်အခဲ

၀၀၁ ရေးသားသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်သည်ကို သိရသည်နှင့် တစ်ပြိုင်နက် မနွယ်နွယ်ဦး(အမည်လွဲ)သည် သုံးထပ် ထပ်ဝတ်ထားသည့် ထမီကို အမြန်ခါးတောင်းကျိုက်လိုက်ပြီး အပေါ်မှ ထမီထတည်ကို ထပ်ဝတ်လိုက်သည်။ ပြီးမှသာ အသင့်ပြင်ထားသည့် အထုပ်နှင့် လိုအပ်သည်များကို ဆွဲ၍ ဘေးလွတ်ရာ ပြေးရသည်။

ထိုသည်က မနွယ်နွယ်ဦးအပါအဝင် စစ်ရှောင်အမျိုးသမီးများ လစဥ် ဓမ္မတာလာစဥ်အချိန်နှင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပါက ကြုံတွေ့ရလေ့သည့် အခြေအနေပင်ဖြစ်သည်။

စစ်ရှောင်ရသည့် နေရာအရောက်တွင်လည်း မနွယ်နွယ်ဦးက စိတ်လုံခြုံမှု မရှိ၍ အထပ်ထပ် ဝတ်ထားသည့် ထမီကိုခဏခဏ ပြင်ဝတ်နေမိသည်။

“အဝတ်စငယ်လေးကို သုံးလေးခေါက် ခေါက်ပြီး အတွင်းခံမှာ ခံဝတ်တယ်။ ပြီးရင် ထမီကို နှစ်ထပ်ဝတ်တယ်။ ဒါပေမဲ့လည်း နောက်ကို မကြာမကြာ ပြန်လှည့်ကြည့်မိနေတယ် ” ဟု မနွယ်နွယ်ဦးက ဆိုသည်။

မနွယ်နွယ်ဦးသည် စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ တရွာမှ စစ်ရှောင်အမျိုးသမီးတဦးဖြစ်သည်။

စစ်ကောင်စီ စစ်ကြောင်းထိုးမှု မရှိစဥ် ရွာပြန်နေသည့် အချိန်တွင်လည်း တောင်ယာလုပ်သည့် သူနှင့် ခင်ပွန်း၏ ဝင်ငွေမှာ နေ့စဥ်စရိတ်ဖြစ်သည့် ဆန်တပြည်နှင့် တနှစ်ခွဲအရွယ် အမွှာကလေးငယ် နှစ်ဦး၏ မုန့်ဖိုးအတွက်ပင် လောက်ဌအောင် သုံးနေရဟု သူက ဆိုသည်။ ထို့ကြောင့် စစ်ရှောင်ချိန်တွင် အသင့်အသုံးပြုနိုင်ရန် လစဥ်သုံးပစ္စည်းကို သူက ကြိုတင်မဝယ်ယူနိုင်ပေ။

နည်းပါးသည့်ဝင်ငွေ၊ မကြာခဏ စစ်ရှောင်နေရမှုနှင့် ကုန်စျေးနှုန်း ကြီးမြင့်မှုများကြား အမျိုးသမီးလစဥ်သုံး ပစ္စည်းဆိုသည်မှာ ဝယ်ယူရန် ထည့်သွင်းစဥ်းစားရသည့် စာရင်းတွင် မပါဝင်သည်မှာ ကြာပြီဟု စစ်ရှောင်အမျိုးသမီးများက ဆိုသည်။

“ အခုခေတ်ပျက်ကာမှ အဲ့ဒီလိုမျိုးတွေ ကြုံရတော့ကျတော့ တော်တော်လေးကို ဒုက္ခရောက်တယ်လို့ ကိုယ့်ဟာကိုယ်ပဲ အောက်မေ့နေတာပါ့။ မိန်းမဖြစ်ရတာလည်း ဒုက္ခပဲလို့ ကိုယ့်ဟာကိုယ်ပဲ စိတ်တွေညစ်တာပါ့ “ ဟု မနွယ်နွယ်ဦးက ပြောသည်။

စစ်အာဏာမသိမ်းခင်က လစဥ်သုံး အမျိုးသမီးပစ္စည်းများ ပုံမှန်ဝယ်ယူအသုံးပြုနိုင်ခဲ့သည့် မနွယ်နွယ်ဦးသည် လက်ရှိတွင် ထိုပစ္စည်းစျေးနှုန်း မည်မျှရှိသည်ကိုပင် မသိတော့ချေ။

ဓမ္မတာလာသည့်အခါ အဝတ်များ အထပ်ထပ်အသုံးပြုနေရသည့်အပေါ် သူက “ပူလောင်နေတာပဲ။ သွားတော့ လာတော့ကျတော့လည်း မကောင်းဘူး။ ပေါင်တွေဘာတွေပွန်းတာပေါက်တာတို့ရှိတာပေါ့” ဟု ဆိုသည်။

အမျိုးသမီးလစဉ်သုံးပစ္စည်း (Pad) အစား အဝတ်စများကို ဆပ်ပြာဖြင့် လျှော်ဖွတ် ၊ နေပူလှမ်းပြီး သုံးသည့်တိုင်အောင် မိန်းမကိုယ်နှင့် ပေါင်တို့တွင် ယားယံမှုများ ကြုံတွေ့ရကြောင်း စစ်ရှောင်အမျိုးသမီးများက ဆိုသည်။

မနွယ်နွယ်ဦးအပါအဝင် အဝတ်စများခေါက်ကာ အသုံးပြုသည့် စစ်ဘေးရှောင်အမျိုးသမီးအချို့ကတော့ ပွင့်လင်းရာသီများတွင် အဝတ်စများကို ပြန်လျှော်ပြီးအသုံးပြုသော်လည်း မိုးရာသီများတွင် အဝတ်မခြောက်သည့် အခက်အခဲများရှိသည့်အတွက် အသုံးပြုပြီးပါက မြေမြှုပ်ပြီး လွှင့်ပစ်လိုက်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားသည့် ဒေသများရှိ စစ်ဘေးရှောင် အမျိုးသမီးများသည် ငွေရေးကြေးရေး အခက်အခဲ၊ အန္တရာယ်များသည့် လမ်းခရီးများကြောင့် လစဉ်သုံးပစ္စည်းများ ပုံမှန်မသုံးနိုင်ကြတော့ဘဲ ရသည့် နည်းဖြင့်သာ ဖြေရှင်းနေရသည်။

အာဏာသိမ်းကာလအတွင်း ခင်ဦးမြို့နယ်အနောက်ခြမ်းမှ ‌ကျေးရွာအချို့သည် အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူလိုပါက တောထဲကတဆင့် မူးမြစ်ကို လှေဖြင့် ကူးပြီး ရေဦးမြို့ပေါ်သို့ သွားဝယ်ကြရလေ့ရှိသည်။

လက်ရှိတွင် မူးမြစ်ကို ကူးပြီး ရေဦးဘက်သွားသည့် ဒေသခံအချို့သည် လမ်းတွင် စစ်ကောင်စီတပ်၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးရခြင်း၊ လူငယ်များအနေဖြင့်လည်း စစ်မှုထမ်းဥပဒေထွက်ပြီးနောက်ပိုင်း စစ်သားစုဆောင်းရန် အတင်းအဓမ္မ ဖမ်းဆီးခံရမှုများ ကြုံတွေ့နေရသည့်အတွက် မသွားရဲကြတော့ကြောင်း ဒေသခံများကပြောသည်။

“ရေဦးဘက်က အခုသွားလို့ မလွယ်တော့ဘူးဖြစ်နေတယ်။ အတင်းအဓမ္မဆွဲခေါ်နေတာဆိုတော့ မြို့ပေါ်ကို မတက်ရဲတဲ့အခါကျတော့ ပစ္စည်းပစ္စယဝယ်ဖို့က မလွယ်ကူတော့ဘူး”ဟု မဝေ (အမည်လွှဲ) ကပြောသည်။

ထို့ပြင် အာဏာမသိမ်းခင်က အမျိုးသမီးလစဉ်သုံးပစ္စည်းတထုပ်၏ ဈေးနှုန်းသည် ကျပ် ၆၀၀၊ ၇၀၀ သာရှိခဲ့သော်လည်း လွန်ခဲ့သည့် ခြောက်လ ရေဦးတွင် ၎င်းဝယ်ယူခဲ့ရစဉ်က ကျပ် ၂,၅၀၀ လောက်အထိ ပေးခဲ့ရကြောင်း မဝေက ပြောသည်။

မဝေအနေဖြင့်လည်း တခါတရံတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများအစား ထဘီကိုသာ အထပ်ထပ်ဝတ်လိုက်ပြီး နေအိမ်ထဲတွင်သာ သိုသိုသိပ်သိပ် နေလိုက်ရသည့် နေ့ရက်များရှိသည်ဟုဆိုသည်။

နွေရာသီကာလ အညာဒေသ၏ ပူလောင်သည့်ရာသီဥတုအောက်တွင် အဝတ်များ အထပ်ထပ်ဖြင့် ဓမ္မတာလာသည့် အချိန်များကို ကျော်ဖြတ်ရသည်က “ စိတ်တွေ မွန်းကြပ်ပြီးတော့ စိတ်တွေဆင်းရဲတာပေါ့။ တအားကြီးပူလောင်နေတဲ့အခါကျတော့လေ” ဟု သူက ပြောသည်။

လစဉ်သုံးပစ္စည်း အမျိုးအစား ၊ နေရာအထားအပေါ် မူတည်ပြီး ဈေးနှုန်းများ ကွာဟတတ်သည်။ သို့သော် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ဈေးတက်သည်က နေရာတိုင်းပင်ဖြစ်ပြီး စစ်ဘေးရှောင်အမျိုး သမီးအများစုသည် စစ်အာဏာမသိမ်းခင် အချိန်ကကဲ့သို့ လုံလုံလောက်လောက်အသုံးမပြုနိုင်တော့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ အမျိုးသမီးများအနေဖြင့်လည်း လစဉ်သုံးပစ္စည်း လိုအပ်ချက်များ ကြုံတွေ့နေရသည်။ အချို့မှာ တဦးနှင့် တဦး ချေးငှားပြီး သုံးစွဲနေရသည့်အပြင် နေ့ဘက် အလုပ်သွားချိန်၌သာ အသုံးပြုပြီး ညဘက်​များတွင် အသုံးမပြုတော့ကြောင်း စစ်ဘေးရှောင် အမျိုးသမီးများထံသိက ရသည်။

“ညကျ‌တော့ အစ်မတို့က မသုံးတော့ဘူး။ အဲ့ဒီလိုလေးပေါ့။ ကိုယ်ကဘုန်းကြီးကျောင်းထဲ​နေရတာဆို​တော့ ထသွားထလာ သိပ်မလုပ်တော့ဘူး။ ကိုယ့်အိပ်ယာလေးမှာပဲနေလိုက်တာ၊ အဲ့ဒီလိုပဲနေရတာပေါ့” ဟု ယင်းမာပင်မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတဦးကပြောသည်။

ယင်းမာပင်ခရိုင်အတွင်း စစ်ဘေးရှောင်များကိုကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မဖူးပွင့်ဝေကလည်း စီးပွားရေးအဆင်မပြေသည့်အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း ဝယ်မသုံးနိုင်ဘဲ ထဘီကိုသာ အသုံးပြုရသည့် အမျိုးသမီးများ အများအပြားရှိနေကြောင်း ပြောသည်။

“အလှူရှင်ကတော့ လစဉ်သုံးအတွက်ဆိုပြီး သီးသန့်မလှူကြဘူး။ တချို့ဆိုရင် အခက်အခဲဖြစ်လို့ အကူအညီတောင်းရင် အညာပစ်တိုင်းထောင်လေးများရဲ့ Fund(ရန်ပုံငွေ) ထဲကနေပဲ လှူပေးဖြစ်တာများတယ်” ဟု မဖူးပွင့်ဝေက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ အခမဲ့ အွန်လိုင်းဆေးခန်း တယ်လီကျန်းမာကတော့ အမျိုးသမီးလစဉ်သုံးပစ္စည်း အကူအညီများ မရရှိသေးသည့် စစ်ဘေးရှောင်စခန်းများမှ အမျိုးသမီးများအနေဖြင့် အဝတ်စများကို သေချာ လျှော်ဖွတ်၊ နေပူလှမ်း၊ မီးပူတိုက်ပြီး သုံးမည်ဆိုပါက ကျန်းမာရေးပြဿနာများမရှိနိုင်ကြောင်းနှင့် စနစ်တကျ သန့်ရှင်း သပ်ရပ်မှုရှိရှိ သုံးနိုင်မည်ဆိုပါက လတ်တလောပြဿနာများ ပြေလည်နိုင်ကြောင်း အကြံပြုသည်။

ဓမ္မတာလာစဉ် သန့်ရှင်းမှုမရှိသည့် အဝတ်စများကို သုံးစွဲမိပါကမူ မိန်းမကိုယ်နှင့် ဆီးလမ်းကြောင်းအတွင်း ဘတ်တီးရီးယားပိုးဝင်ခြင်း၊ မှိုပိုးကူးစက်မှုများဖြစ်တတ်ပြီး ပုံမှန်မဟုတ်သည့် အဖြူဆင်းခြင်း၊ မိန်းမကိုယ်ယားယံခြင်း၊ ဆီးပူ၊ ဆီးကျဉ်၊ ဆီးအောင့် အစရှိသည့် ဝေဒနာများ ခံစားရနိုင်ကြောင်း မဇ္ဈိမကို တယ်လီဂရမ်မှ တဆင့် ဖြေကြားသည်။

အဆိုပါ လက္ခဏာများကို မကြာခဏနှင့် ရေရှည်ခံစားနေရသည်ဆိုပါက နောင်အခါတွင် ကလေးရနိုင်ရန် ခက်ခဲမှုမျိုးလည်း ဖြစ်လာနိုင်ပြီး ပိုမိုဆိုးဝါးသည့် နောက်ဆက်တွဲအနေဖြင့် တင်ပါးဆုံကွင်းအတွင်းရှိ ကိုယ်တွင်းအင်္ဂါများရောင်ရမ်းမှုမှတဆင့် ခန္တာကိုယ်အနှံ့ပိုးဆိပ်ပျံ့ပြီး အသက်အန္တရာယ်ရှိခြင်းမျိုးအထိ ဖြစ်တတ်ကြောင်း ဆိုသည်။

“ဒါမျိုးကတော့ အင်မတန်ရှားပါတယ်။ ဖြစ်လာခဲ့ရင်လည်း အချိန်မီကုသနိုင်ရင် စိုးရိမ်စရာမရှိပါဘူး” ဟုလည်း ဆက်လက်ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းမှ မဝေကတော့ ၎င်းထံတွင် နောက်ဆုံးကျန်ရှိနေသည့် အမျိုးသမီးလစဉ်သုံးပစ္စည်းတထုပ်ကို သုံး၍ ကုန်သွားပြီး နောက်ထပ် ဝယ်မရတော့မည့်အရေးကို စိုးရိမ်သည့်စိတ်ဖြင့် အရေအတွက် လျှော့ချသုံး၍ဖြစ်စေ၊ လစဉ်သုံးပစ္စည်းအစား ထဘီနှစ်ထပ်ဝတ်၍ဖြစ်စေ ချွေတာသုံးစွဲနေကြောင်း ဆိုသည်။

မဝေက “လောလောဆယ်တော့ အမျိုးသမီးတွေက သူတို့ရှိတဲ့ဟာ‌လေးတွေနဲ့ ဖြစ်သလိုပဲ။ တချို့ကျတော့မရှိတဲ့အခါကျတော့ ဘယ်မှမသွားတော့ဘဲ အိမ်ထဲမှာပဲ နေနေတော့တာ” ဟု ဆိုသည်။
သာမန်ချိန်များတွင်ပင် အတွင်းခံများကို လူမြင်ကွင်းတွင် လှန်းရန် ရှက်ရွံ့တတ်ကြသည့် အမျိုးသမီးများသည် လူအများနှင့် စုပေါင်း စစ်ရှောင်ကြရသည့်အခါ အခက်အခဲ ကြုံတွေ့ကြရပြန်သည်။

“ အဝတ်တွေကို နေရာကျဥ်းကျဥ်းထဲ စုပြုံလှမ်းရတာ အခက်အခဲရှိတယ် ”ဟု စစ်ရှောင်အမျိုးသမီးတဦးကဆိုသည်။

တနင်္သာရီမြို့နယ်ရှိ နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ အဖွဲ့ဝင်တဦးကလည်း ၎င်းတို့မြို့နယ်တွင် စစ်ကောင်စီတပ်က စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ သယ်ယူခွင့် ကန့်သတ်ထားသည့် အခြေအနေတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများသည် ဦးစားပေးစာရင်းတွင် မပါဝင်ဘဲ စားနပ်ရိက္ခာကိုသာ အဓိကထားကြရသည်ဟု ဆိုသည်။

“လမ်းကြောင်းသင့်ရင် သင့်သလို လစ်ရင်လစ်သလို စားသောက်ကုန်ကိုပဲ ဆန်၊ ဆီ၊ ဆေးကိုပဲ အဓိကထားပြီးသယ်ရတယ်။ အဲ့ဒီတော့ စားသောက်ကုန်ကိုပဲ ဦးစားပေးကြတာဆိုတော့ ဒီအမျိုးသမီးလစဉ်သုံးကို သပ်သပ်ကြီး မဖြစ်မနေ ဝယ်ရမယ်ဆိုတဲ့ အတွေးမျိုးလည်း တယောက်မှ မရှိကြဘူး” ဟု အဆိုပါ အဖွဲ့ဝင်ကပြောသည်။

ထို့ကြောင့် တနင်္သာရီမြို့နယ်တွင်လည်း တောထဲတွင် စစ်ဘေးရှောင်ရသည့် အမျိုးသမီးများအနေဖြင့် ဓမ္မတာလာပါက အဆင်ပြေသလိုသာ ဖြေရှင်းနေရပြီး စစ်ဘေးမရှောင်ရသည့် ရွာမှ အမျိုးသမီးများအနေဖြင့်လည်း သုံးနေကျအမျိုးသမီးလစဉ်သုံးပစ္စည်းတံဆိပ်ဟူ၍ ရွေးချယ်ခွင့်မရှိတော့ဘဲ ရသည်ကိုသာ အသုံးပြုနေရကြောင်း ဆိုသည်။

လက်ရှိတွင်တော့ ဓမ္မတာလာစဥ် အနံအသက်ကင်းကင်း ၊ သန့်သန့်ရှင်းရှင်းနေထိုင်နိုင်ရန် တခါသုံးလစဥ်သုံးပစ္စည်းများ အသုံးပြုရန်မှာ စစ်ရှောင်အမျိုးသမီးများအတွက် အလှမ်းကွာဝေးနေဆဲပင် ။