စဉ့်ကူးတွင် စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးထိ၍ အဖွားအို သေဆုံး၊ ကလေးငယ် ဒဏ်ရာရ

ပုံအညွှန်း- ၁၂၀ မမ စမ်းသပ်ပစ်ခတ်နေသည့် စစ်ကောင်စီတပ်သား

MTO

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၈၀ ခန့် အရွယ် အဖွားအို တဦး သေဆုံးပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦး ဦးခေါင်းကို လက်နက်ကြီး ကျည်ဆန် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Information Network အဖွဲ့ ထံက သိရသည်။

ဇွန်လ ၁ ရက်နေ့ မနက် ၁၀ နာရီ ခန့် အချိန်တွင် ရွှေပြည်ရွာ ၊ ဘုံသာကုန်း ဘုန်းကြီးကျောင်းတွင် အထိုင်ချသည့် စစ်ကောင်စီတပ်ဖွဲ့ က ၁၂၀ မမ လက်နက်ကြီးဖြင့် လေးချက်ပစ်ခတ်ခဲ့ရာ မြသီတာ ရွာနှင့် မြကန်သာ ကျေးရွာများအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း Wetlet Information Network အဖွဲ့ တာဝန်ခံ ကိုနဂါးလေးက ပြောသည်။

၎င်းက “ မြကန်သာ ရွာက အဖွားအိုက လည်ပင်းနဲ့ ပခုံးကြားမှာ ကျည်ဆန် ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ် ။ မြသီတာက ကလေးက ဦးခေါင်းကို ကျည်ဆန် ထိမှန် ဒဏ်ရာရသွားတာ “ ဟုပြောသည်။

ဘုံသာကုန်း ဘုန်းကြီးကျောင်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့သည့် စဉ့်ကူမြို့နယ် အတွင်း လှည့်ပတ် သွားလာပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

“ အခြားထိခိုက်တာတွေလည်း ရှိတယ်။ ပစ်လိုက်ရင်လည်း ၁၂၀ မမ ၊ ၈၀ မမ တွေ ကြီးပဲ “ ဟုပြော သည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ က ယနေ့ မနက် အစောပိုင်းတွင် စ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး