နီပေါသတင်းထောက်ကို တရုတ်သံအမတ်က ခြိမ်းခြောက်ခြင်းအား နီပေါမီဒီယာလွတ်လပ်ခွင့်အဖွဲ့ ရှုတ်ချ

Media Action Nepal:-

နီပေါနိုင်ငံဆိုင်ရာ တရုတ်သံတမန်က အကြီးတန်းသတင်းထောက် ဂါဂျန်ဒရာဘူဒါသောကီအား မကြာသေးမီက ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည့်အပေါ် လွန်စွာစိုးရိမ်ကြောင်း နီပေါမီဒီယာလှုပ်ရှားမှုအဖွဲ့(Media Action Nepal) က ပြောကြားလိုက်သည်။

နီပေါနိုင်ငံတွင် ပိုခါရာနိုင်ငံတကာလေဆိပ် တည်ဆောက်ရန် ရယူထားသည့် ချေးငွေဆိုင်ရာ အတိုးနှုန်းအကြောင်း Taksar News သတင်းဌာန၏ အယ်ဒီတာချုပ် ဘူဒါသောကီက မေ ၂၇ ရက်တွင် X (ယခင် Twitter) လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ ၎င်းကို တုံ့ပြန်သည့်အနေဖြင့် နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဆောင်က ဘူဒါသောကီသည် အဆိုးရွားဆုံး လိမ်ညာမုသားများကို ဖြန့်ဝေနေသည်ဟု စွပ်စွဲခဲ့ပြီး အထောက်အထားဖြင့် ဖြေရှင်းချက်ပေးရန် မေ ၂၈ ရက်တွင် တောင်းဆိုခဲ့သည်။ ဘူဒါသောကီနှင့် ၎င်းကိုယ်စားပြုထားသူများအနေဖြင့် တရားဝင်တောင်းပန်ရန် တရုတ်သံအမတ်က မေ ၂၉ ရက်တွင် တောင်းဆိုကာ ပြဿနာပိုကြီးအောင် လုပ်ခဲ့သည်။

ဘူဒါသောကီက ၎င်းရေးသားခဲ့သည့်စာတွင် မည်သည့်နိုင်ငံနှင့် လူမျိုးကိုမျှ ဖော်ပြထားခြင်းမရှိကြောင်း Media Action Nepal အဖွဲ့သို့ ပြောကြားခဲ့သည်။ “မိမိရဲ့ပို့စ်မှာ တရုတ် ဒါမှမဟုတ် အခြားနိုင်ငံတခုခုရဲ့အမည်ကို ဖော်ပြထားတာ မရှိပါဘူး။ ဒါပေမဲ့ လူသိရှင်ကြားတောင်းပန်ဖို့ တောင်းဆိုတဲ့နည်းနဲ့ တရုတ်သံအမတ်က မိမိကို ခြိမ်းခြောက်ခဲ့ပါတယ်” ဟု ဘူဒါသောကီက ဆက်လက်ပြောကြားခဲ့သည်။

သံတမန်တဦးက ယင်းကဲ့သို့ ခြိမ်းခြောက်ခြင်းသည် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အခြေခံမူများနှင့် နီပေါနိုင်ငံ၏ ဒီမိုကရေစီစံနှုန်းများကို ထိခိုက်စေကြောင်း Media Action Nepal ဥက္ကဋ္ဌ လက်ဇ်မန်ဒတ်ပန့်ထ်က မှတ်ချက်ပြုခဲ့သည်။ “သတင်းမီဒီယာလွတ်လပ်ခွင့်၊ သတင်းသမားတွေရဲ့ဘေးကင်းလုံခြုံရေးနဲ့လွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်တဲ့ အပြုအမူမှန်သမျှအား ရှောင်ကြဉ်ဖို့ တရုတ်သံအမတ်ကို မိမိတို့ အလေးအနက် တိုက်တွန်းပါတယ်” ဟု ပန့်ထ်က ပြောကြားခဲ့သည်။