စစ်ရေးပဋိပက္ခဖြစ်စေနိုင်သော တောင်တရုတ်ပင်လယ်အငြင်းပွားမှု

ဖိလစ်ပိုင်သမ္မတ မားကို့စ်/Photo:AFP

FP

ဖိလစ်ပိုင်သမ္မတ မားကို့စ် သည် မေ ၃၁ ရက် က  စင်ကာပူတွင် ပြုလုပ်သော ရှန်ဂရီလာ ဆွေးနွေးပွဲ တွင် တောင်တရုတ် ပင်လယ် အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ အခြားနိုင်ငံ တခု ၏ လုပ်ဆောင်ချက်ကြောင့် ဖိလစ်ပိုင်လူမျိုး တဦးတယောက် အသက်ဆုံးရှုံးမည်ဆိုလျှင် “ဒါက စစ်ပွဲတခုနှင့် အလွန်နီးကပ်လွန်းတယ်” ဟု ၎င်း ကဆိုသည်။ “ကျွန်တော်တို့ အနေနဲ့ တရုတ် ဘက် က ဆုံးဖြတ်ချက် မပြောင်းလဲ ဘူး ဆိုရင် ထိပ်တိုက် ရင်ဆိုင်တွေ့ ဖို့ အချိန် ရောက်လာနေတယ်” ဟု အမေရိကန်-ဖိလစ်ပိုင်အပြန်အလှန်ကာကွယ်ရေးနှင့် ပတ်သက်၍ ပရိသတ်မေးခွန်းတခုအား ဖြေကြားခဲ့သည်။

အမေရိကန် အကြီးတန်း စစ်ဘက်အရာရှိတဦးက အလားတူသတိပေးချက်ကို မတ်လ တွင် ထုတ်ပြန်ခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် လက်ရှိ အငြင်းပွားနေသော အဖြစ်အပျက်များ ဆက်လက်ဖြစ်နေမည်ဆိုလျှင် စစ်ရေးပဋိပက္ခ အခြေအနေသို့ အနှေးနှင့် အမြန် ဦးတည်နေကြောင်း အဆိုပါ မှတ်ချက်က ထင်ရှားစေသည်။

ဒေသတွင်း ဟန့်တားမှုကို အားကောင်းစေရန် ရည်ရွယ်သည့် အမေရိကန် ၏ လုပ်ဆောင်ချက်များသည် တရုတ် ၏ ဆုံးဖြတ်ချက်ကို ပြောင်းလည်းရန် မဖြစ်နိုင်ပေ။ ဖိလစ်ပိုင်သည် ၎င်း၏ တရားဝင်ပင်လယ်ရေကြောင်းဆိုင်ရာ တောင်းဆိုမှုကို အားကောင်းစေရန် ရှင်းလင်းပြတ်သားသော မဟာဗျူဟာ မရှိဘဲ ဆုံးရှံးမှု ဖြစ်စေနိုင်သည့် နည်းလမ်းများကိုသာ တွန်းအားပေးလျက်ရှိသည်။

ဖိလစ်ပိုင် ရေတပ်အထောက်အကူပြု အဖွဲ့အပေါ် တရုတ် ရေတပ်မှ မီးသတ်ပိုက်များ နှင့် စစ်ဘက်အဆင့် လေဆာများ အသုံးပြု၍ ကြိမ်ဖန်များစွာ အတင်းအကြပ် အင်အားသုံး တုံ့ပြန်မှုများသည် ဖိလစ်ပိုင် ရေတပ်သားများကိုပင် ဒဏ်ရာရစေသည်။ တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ် တောင်းဆိုနေသော ရေပိုင်နက်မျဉ်းအတွင်း ဖြတ်သန်းသွားလာသည့် သံသယရှိသူတိုင်းကို ထိန်းသိမ်းထားရန် တရုတ် ၏ မကြာမီက ထုတ်ပြန်လိုက်သော အမိန့်အရ ၎င်း သည် ဥပဒေကို ချိုးဖောက်နေပြီး လာမည့်လများအတွင်း အန္တရာယ်ရှိသော ဖြစ်ရပ်တခု၏ ရှေ့ပြေးဖြစ်လာနိုင်သည်။

တောင်တရုတ်ပင်လယ်ရှိ အချက်အချာကျသော Second Thomas Shoal နှင့် Scarborough Shoal တို့ နှင့် ပတ်သက်၍ ဖိလစ်ပိုင် မှ တောင်းဆိုမှုကို နောက်ဆုတ်မည့် အရိပ်အယောင် မတွေ့ရပေ။ အမေရိကန် သည် ၎င်း ၏ မဟာမိတ်ဖြစ်သော ဖိလစ်ပိုင်ကို ပြတ်ပြတ်သားသား ကျောထောက်နောက်ခံပြုထားပြီး “တိကျသေချာသော ကတိကဝတ်” ပေးခဲ့သည်။ ဖိလစ်ပိုင်သည် တရုတ်နှင့် ရင်ဆိုင်ရာတွင် အမေရိကန် ဘက်မှ တံခါးဖွင့်ထားရန် တွန်းအားပေးနေသည်။ ဩစတေးလျ၊ ပြင်သစ်နှင့် ဂျပန်တို့ကဲ့သို့ အခြားသော အမေရိကန် မဟာမိတ်များ ပါဝင်လာမည်မှာလည်း  စိုးရိမ်ဖွယ်ဖြစ်သည်။

တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်၊ တရုတ်နှင့် အမေရိကန်တို့၏ ရပ်တည်ချက်များကို ထင်ထင်ရှားရှား ဖော်ပြခဲ့ကြသည်။ မားကို့စ်သည် ရှန်ဂရီလာတွင် အခိုင်အမာ ပြောကြားခဲ့သည့်အတိုင်း ဖိလစ်ပိုင်သည် ၎င်း၏ အချုပ်အခြာအာဏာပိုင်အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို ရည်ညွှန်း၍ The Hague ရှိ အမြဲတမ်းအနုညာတစီရင်ဆုံးဖြတ်ခြင်း (PCA) ၏ ၂၀၁၆ ဆုံးဖြတ်ချက်အား ကိုးကားဖော်ပြသည်။ တရုတ် က အချုပ်အခြာအာဏာနှင့် ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးများနှင့် ဆိုင်သော အကျိုးစီးပွားများကို ဆွေးနွေးသည်။ တရုတ်၏ အကျပ်ကိုင်မှုနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ဆိုင်ရာ ခြိမ်းခြောက်မှုများကို အမေရိကန် က ကိုးကားဖော်ပြသည်။

ဖိလစ်ပိုင် သင်္ဘောများကို တရုတ်က ဆက်လက် နှောင့်ယှက်နေခြင်းသည် ဖိလစ်ပိုင်၏ တင်းမာသော ရပ်တည်ချက်ကို အားကောင်းစေခဲ့သည်။ သို့သော် ၎င်း၏ နိုင်ငံခြားရေးမူဝါဒသည် သမိုင်းကြောင်းအရ ကိုယ်ရေးကိုယ်တာ ဆန်ပြီး မားကို့စ် အာဏာရရှိရေးမှာ အရေးကြီးနေသည်။ မားကို့စ်သည် ၎င်း၏ သက်တမ်းအစောပိုင်းတွင် သမ္မတဟောင်း ဒူတာတေးနှင့် ပြတ်ပြတ်သားသား လမ်းခွဲခဲ့ပြီး အမေရိကန်ဘက်သို့ ဦးတည်ခဲ့သည်။ အနောက် ဖိလစ်ပိုင်ပင်လယ်ဟု ခေါ်ဝေါ်သည့် ၎င်း၏ ပင်လယ်ပြင်ပိုင်နက်ဆိုင်ရာ တောင်းဆိုမှုနှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံအတွင်း သဘောတူညီမှုတခုရှိပြီး အနုညာတခုံရုံး (PCA)  ၏ ဆုံးဖြတ်ချက်သည် ယင်းတောင်းဆိုချက်ကို နိုင်ငံတကာဥပဒေအရ တရားဝင်ခွင့်ပြုထားသည်။

တရုတ်သည် အနုညာတခုံရုံး (PCA) ၏ လုပ်ငန်းစဉ်များကို အသိအမှတ်မပြုဘဲ ၂၀၁၆ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး တောင်တရုတ်ပင်လယ်အား သမိုင်းဝင်တောင်းဆိုမှုအဖြစ် သတ်မှတ်၍ ယင်းတောင်းဆိုချက်မှာ တရားဝင်သည်ဟု ငြင်းဆိုခဲ့သည်။ အဆိုပါ တောင်းဆိုချက်မှာ တရုတ်ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုကို အမှန်တကယ် တွန်းအားပေးနေသည်။ ထို့ကြောင့် ထိုင်ဝမ်တွင်လည်း အလားတူတောင်းဆိုမှုရှိသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် အာဏာရယူပြီး မကြာခင်တွင် တရုတ်အမျိုးသားရေးဝါဒကို စတင်ကျင့်သုံးခဲ့ပြီးနောက် တောင်းဆိုမှု ပိုမိုအားကောင်းလာစေရန်  ကျွန်းစုတည်ဆောက်ရေးနှင့် စစ်ရေးအရ တွန်းအားပေးမှုများ  ပြုလုပ်ခဲ့သည်။ ၂၀၁၂ တွင် ဖိလစ်ပိုင်နှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှု နှင့် ဖိလစ်ပိုင် ၏  အငြင်းပွားမှုကို ၂၀၁၃ ဇန်နဝါရီတွင် နိုင်ငံတကာ အမြဲတမ်းအနုညာတ ခုံရုံးတင် ဆုံးဖြတ်ခြင်း သည်လည်း တရုတ်၏ ရေပိုင်နက်ဆိုင်ရာ အခိုင်အမာပြောဆိုမှုများကို တွန်းအားပေးခဲ့သည်။

တရုတ်သည် အာရှ၏ အထွဋ်အမြတ် နိုင်ငံတခုအဖြစ် ပေါ်ပေါက်လာရန် ဆန္ဒရှိသော်လည်း ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ဝေးကွာနေသေးသည်။ ထို့ပြင် တရုတ်သည် ထိုင်ဝမ်ပဋိပက္ခ အတွက် အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်များ၏ ဂယက်ရိုက်ခတ်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ဖိလစ်ပိုင်ရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ နေရာသစ်များကို ပဋိပက္ခများတွင် အသုံးပြုရန် စီစဉ်ထားကြောင်း ၎င်းက သံသယ ရှိသည်။  ယေဘူယျအားဖြင့် တရုတ်သည် အမေရိကန် ၏ တရုတ်ထိန်းချုပ်ရေး ဗျူဟာအဖြစ် ဖိလစ်ပိုင် ကို အသုံးချကြောင်း ရှုမြင် ပုံဖော်လေ့ရှိပြီး တရုတ် ၏ တောင်းဆိုချက်သည် ဖိလစ်ပိုင်ကို စိုးရိမ်ပူပန်မှု ဖြစ်စေသည်။

ဖိလစ်ပိုင်တွင် အမေရိကန်၏ ရပ်တည်မှု ကြီးထွားလာသည်။ ၂၀၁၄ ကာကွယ်ရေး တိုးမြှင့် မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ ယမန်နှစ်တွင် မူလသတ်မှတ်ထားသော အမေရိကန်စစ်စခန်း ၅ ခု မှ ၉ ခုအထိ တိုးလာခဲ့သည်။ နေရာသစ် ၃ ခုသည် ထိုင်ဝမ်အနီးရှိ လူဇွန်ကျွန်း မြောက်ဘက်တွင်ရှိပြီး တခုသည် သဘောတူညီချက်အရ ပထမဆုံးသော ရေတပ်အခြေစိုက်စခန်း ဖြစ်သည်။ ထိုင်ဝမ်နှင့် ပိုမိုနီးကပ်သော်လည်း လူဇွန်ကျွန်း၏ မြောက်ဘက် ဘက်တိန်း ကျွန်းများတွင် ဆိပ်ကမ်းတည်ဆောက်ရာ၌လည်း အမေရိကန်က ကူညီပေးလျက်ရှိသည်။ တစ်ချိန်တည်းတွင် ဖိလစ်ပိုင်သည် အမေရိကန်၊ သြစတြေးလျတို့နှင့် ပူးတွဲစစ်ရေး ကင်းလှည့်မှု ကို စတင်ခဲ့ပြီး အမေရိကန်၊ ဂျပန်တို့နှင့် ၃ နိုင်ငံ သဘောတူစာချုပ်တွင် စစ်ရေးအရ အတိုင်းအတာတစ်ခုအထိ လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က Scarborough Shoal တွင် ဖိလစ်ပိုင်၏ ပိုင်နက်တောင်းဆိုမှုကို လူသိရှင်ကြား ထောက်ခံခဲ့ပြီး ယင်းအဆိုအတွက် တရုတ်တွင် “တရားဝင်ငြင်းဆိုပိုင်ခွင့်” မရှိကြောင်း ပြောဆိုခဲ့သည်။ ယင်းမှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုမှုများကို စီရင်ဆုံးဖြတ်ခြင်းမပြုသည့် အငြင်းပွားမှု၏ သီးသန့်စီးပွားရေးဇုန်အနေအထားကို ကန့်သတ်ထားသော ၂၀၁၆ အနုညာတခုံရုံး (PCA) ဆုံးဖြတ်ချက် ထက် ကျော်လွန်နေသည်။ ထို့ကြောင့် အမေရိကန်သည် မဖြေရှင်းနိုင်သော ပိုင်နက်အငြင်းပွားမှုတွင် ပါဝင်ခြင်းဖြင့် နိုင်ငံတကာဥပဒေကို ကျော်လွန်ခဲ့သည်။

အချုပ်အားဖြင့်ဆိုရသော် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်လာလျှင် ဘက်ပေါင်းစုံမှ အန္တရာယ်များသော အပြုအမူများ ရှိနေသည်။ ဟန့်တားခြင်း သဘောတရားအရ လိုက်လျောမှု သို့မဟုတ် နောက်ပြန်ဆုတ်မှု မှန်သမျှသည် ရန်လိုသူကို ကျေနပ်စေနိုင်ပြီး စစ်ပွဲဖြစ်နိုင်ချေပိုများသည်။ စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများနှင့် လှုပ်ရှားမှုများ ပိုမိုအားဖြည့်ခြင်းသည် ပြိုင်ဘက်များအကြား စစ်ရေးအရ ဆက်ဆံရေးကို ထိန်းသိမ်းထားမည်ဆိုပါက ငြိမ်းချမ်းရေးကို ခိုင်မာစေမည်ဖြစ်သည်။ သို့သော် ဟန့်တားမှုပုံစံသည် တစ်ခုတည်းမဟုတ်ပါ။ နိုင်ငံတကာဆက်ဆံရေးတွင် ထင်ရှားသော လုံခြုံ‌ရေးအကျပ်အတည်း၌ အခြားရွေးချယ်စရာ ဖြစ်သော အဟန့်အတားကို တိုးမြှင့်ရန် ရည်ရွယ်သည့် လုပ်ရပ်တိုင်းကို ရည်ရွယ်ချက်ကောင်းရှိလျှင်ပင် တဖက်က ခြိမ်းခြောက်မှု နှင့် သက်သာသော တန်ပြန်မှု ဟု ထင်မြင်နိုင်သည်။

တောင်တရုတ်ပင်လယ်တွင် တည်ငြိမ်မှုရရှိရန် မည်မျှ အဟန့်အတားပြုနိုင်မည်နည်း။ အမေရိကန်-ပစိဖိတ်နယ်မြေများတွင် အမေရိကန်အခြေစိုက်စခန်း ၂၀၀ ကျော် ဖြင့် အမေရိကန်စစ်တပ် က ကြီးမားစွာ နေရာယူထားသည်။ ဆန့်ကျင်ဘက်အားဖြင့် တရုတ်သည် အာရှတွင် ပြည်ပအခြေစိုက်စခန်းတခုသာ ရှိပေမည်။ ပြီးခဲ့သည့် ၂ နှစ် အတွင်း အဟန့်အတားများ ပိုမိုတိုးမြှင့်ခြင်းသည် တရုတ် ၏ လှုပ်ရှားမှုများကို တွန်းအားပေးခြင်းသာဖြစ်သည်။

ဗီယက်နမ်ကိစ္စသည် ဖိလစ်ပိုင်အတွက် အခြားရွေးချယ်စရာ အနာဂတ်ကို အရိပ်အမြွက်ပေးနိုင်သည်။ တောင်တရုတ်ပင်လယ်ရှိ တရုတ်နှင့် အငြင်းပွားမှုများတွင် ဗီယက်နမ်၏ လက်တွေ့ကျသော ချဉ်းကပ်မှုသည် မားကို့စ် အုပ်ချုပ်မှုအောက်ရှိ ဖိလစ်ပိုင်၏ ရှေ့တန်းမှ ခိုင်မာသောချဉ်းကပ်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း  လေ့လာသုံးသပ်သူ ဟိုအန်သီဟ နှင့် အဲရစ် အေ အရုဂေး တို့ က ထောက်ပြသည်။ ဗီယက်နမ်သည် ၎င်း၏ ရေကြောင်းပိုင်နက်ဆိုင်ရာ တောင်းဆိုချက်များကို မည်သို့မျှ စွန့်လွှတ်ခဲ့ခြင်း မရှိဘဲ ကျွန်းများ ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေး တွင် ဖိလစ်ပိုင် ထက် ပိုမိုခိုင်မာအားကောင်းပြီး တရုတ်ပြီးလျှင် ဒုတိယ ရေကြောင်း ပြည်သူ့စစ်ကိုလည်း တည်ထောင်ခဲ့သည်။

သို့သော် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒက ဗီယက်နမ်၏ အခြေခံကတိကဝတ်ကို မပြောင်းလဲစေခဲ့ပေ။ ဗီယက်နမ်သည် အမေရိကန်ရေတပ်သင်္ဘောများ လာရောက်လည်ပတ်ရန် ဆိပ်ကမ်းများဖွင့်လှစ်ခဲ့ပြီး ယမန်နှစ်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အား ကြိုဆိုခဲ့သော်လည်း တရုတ်နှင့် ဆက်ဆံရေးမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။ ဗီယက်နမ်သည် တရုတ်အပေါ် နိုင်ငံတကာခုံရုံးများတွင် အမှုတွဲတင်ခြင်းကို ရှောင်ရှားခဲ့သည်။ ယင်းမှာ အမေရိကန်၏ ဝန်းရံထားမှုဖြင့် တရုတ်တို့၏ ကြောက်ရွံ့မှုကို ကန့်သတ်ထားပြီး ၎င်း ၏ ရေကြောင်းသွားလာမှုကို စီမံခန့်ခွဲနိုင်သော အဆင့်တွင် ဆက်လက်ရှိနေစေသည်။

ထို့ပြင် ဗီယက်နမ် အနေဖြင့် ဂျပန် ကဲ့သို့သော နိုင်ငံများနှင့် လေးနက်သော မိတ်ဖက်ဆက်ဆံရေးများနှင့် ပြည်တွင်း ဟန်ချက်ညီမှုတို့သည် တရုတ် ကို ဆန့်ကျင်ကြောင်း သတင်းစကားပေးပို့ခြင်းဖြစ်သည်။ ဗီယက်နမ် သည် မဟာမိတ်နိုင်ငံများနှင့် အင်အားကြီးစာချုပ်များ မရှိခြင်းသည်လည်း ခက်ခဲသောအငြင်းပွားမှုကို တည်ငြိမ်စေရန် လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်။

အာရှတွင် အမေရိကန် ၏ အကြာရှည်ဆုံး မဟာမိတ်အဖြစ် ဖိလစ်ပိုင်သည် ဘက်မလိုက်သော သဘောထားကို ဆုပ်ကိုင်ထားရန် ရွေးချယ်ခွင့် မရှိသလို ရွေးချယ်မည်လဲ မဟုတ်ပါ။ သို့သော် တရုတ်ထိန်းချုပ်ထားသော အနေအထားတခုဆီသော စစ်အင်အားဖြင့် ချဉ်းကပ်နေခြင်းသည် အရင်းအမြစ်များနှင့် ကိုက်ညီသော အောင်မြင်နိုင်သည့် ပန်းတိုင်ရှိသော ဗျူဟာတခု မဖြစ်နိုင်‌ပေ။

အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်အဖွဲ့သည် စစ်အင်အား၊ အခြေစိုက်စခန်းများနှင့် မဟာမိတ်များ ပေါင်းစည်းခြင်းမှလွဲ၍ အခြားချဉ်းကပ်နည်းကို စမ်းကြည့်ရန် အချိန်တန်ပြီ ဖြစ်သည်။ အထူးသဖြင့် ထိုင်ဝမ်အပေါ် တရုတ်၏ အဆိုးဆုံးကြောက်ရွံ့မှုများ ဖြစ်စေနိုင်သည့် မည်သည့်လုပ်ရပ်ကိုမဆို ရှောင်ရှားသင့်သော အချိန်ဖြစ်သည်။ သို့သော် ယင်းမှာ တရုတ်အနေဖြင့် အရှေ့တောင်အာရှတွင် ၎င်း ၏ အမည် ဂုဏ်သတင်းနှင့် ရေကြောင်းပိုင်ဆိုင်မှု မှ ရနိုင်သည့် အကျိုးစီးပွားကို မဟာဗျူဟာကျ တွက်ဆပြီး အလေးပေးမှသာ အလုပ်ဖြစ်နိုင်မည်။

သို့ဖြစ်၍ နိုင်ငံများကြား အပြန်အလှန်ထိန်းကျောင်းခြင်းသည် တောင်တရုတ်ပင်လယ်၏ လှိုင်းထန်နေသော ရေပိုင်နက်များကို ငြိမ်သက်သွားစေနိုင်ပြီး အနာဂတ်ခေါင်းဆောင်များအတွက် နယ်မြေအငြင်းပွားမှုကို အောင်မြင်စွာ ဖြေရှင်းခြင်း ဖြစ်ပေမည်။