တီးတိန်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့

တီးတိန်မြို့အတွင်း မီးလောင်မြင်ကွင်း/ဓါတ်ပုံ – CyaQual

ပါခွီး

မဇ္စျိမ။ ။ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နေအိမ်များမီးရှို့ခံခဲ့ရကြောင်း PDF – Zoland တပ်ဖွဲ့ထံက သိရသည်။
တီးတိန်မြို့၊ လွယ်ဘွာလ်ရပ်ကွက်မှနေအိမ်များကို စစ်ကောင်စီတပ်က ဇွန်လ ၂ ရက်နေ့ညပိုင်းတွင် မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“မီးထပ်ရှို့နေတာ ဟုတ်ပါတယ်၊ စကစက အင်အားထပ်တိုးချလာတယ်၊ ပစ်ခတ်မှုလည်း ဆက်ဖြစ်နေ တယ်” ဟု PDF- Zoland မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်သည် လေကြောင်းမှ လူအင်အားဖြည့်တင်းပြီး ကျမ်းစာကျောင်းတခုတွင် ထပ်မံတပ်စွဲခဲ့ သောကြောင့် အဆိုပါနေရာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း အသက် ၄၁ နှစ်အရွယ်အမျိုးသမီးတဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး နှစ် ဖက်တပ်ဖွဲ့ဝင်များထိခိုက်မှုကို မသိရသေးပေ။

တီးတိန်မြို့တွင် စစ်ကောင်စီတပ်မီးရှို့သဖြင့် နေအိမ် ၄၁ လုံး မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသည်ဟု ဆိုသည်။

တီးတိန်မြို့အတွင်း နေထိုင်ကြသောပြည်သူများသည် လတ်တလောဖြစ်ပျက်နေသည့် အခြေအနေများ ကြောင့် နေအိမ်များကိုသော့ခတ်၍ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသူအမြောက်အမြားရှိနေကြောင်း နှင့် ၎င်းတို့၏နေအိမ်များနှင့် ဆိုင်များကို ဖောက်ထွင်းပြီး ပစ္စည်းဥစ္စာများခိုးယူခြင်းပြုလုပ်ပါက ပြစ်မှု ကျူးလွန်သူမည်သူမဆို တရားဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း တီးတိန်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က မေလ ၃၁ ရက်နေ့တွင် သတိပေးထားသည်။

မေလ ၂၆ ရက်နေ့မှစ၍ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များ က တိုက်ခိုက်ခဲ့ရာ မေလ ၂၇ ရက်နေ့တွင် မြို့မရပ်ကွက်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နတလ)ရုံးနှင့် ဆက်သွယ်ရေးရုံးတို့ကို သိမ်းပိုက်နိုင် ခဲ့ကြောင်း PDF – Zoland က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ