နီပေါငလျင်ဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ တတိယအကြိမ်မြောက် အိန္ဒိယ ပေးပို့ 

နီပေါငလျင်ဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ တတိယအကြိမ်မြောက် အိန္ဒိယ ပေးပို့

ငလျင်ကြောင့် အကျပ်အတည်းကြုံနေရသည့် ဟိမဝန္တာနိုင်ငံဖြစ်သောနီပေါသို့ ဆက်လက်ထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းအဖြစ် ငလျင်ဒဏ်ခံနေရသည့် ဒုက္ခသည်များအတွက် တတိယအကြိမ်မြောက် ကယ်ဆယ်ရေးပစ္စည်းများ အိန္ဒိယက ပေးပို့ခဲ့သည်။  

“အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကတိကဝတ်အတိုင်း ငလျင်ဒဏ်သင့် ပြည်သူများအတွက် စောင်၊ အိပ်ရာလိပ်၊ ရွက်ဖျင်တဲများနှင့် မရှိမဖြစ် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့များပါ၀င်သော ၁၂ တန်ကျော်ရှိ ပစ္စည်းများကို တတိယအကြိမ်မြောက်အဖြစ် အိန္ဒိယလေတပ် (IAF)က C-130 လေယာဉ်ဖြင့် နီပေါနိုင်ငံသို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် အထူးအစီအစဉ်ဖြင့် ပေးပို့ခဲ့ပါသည်။” ဟု ခတ္တမန္ဒူမြို့ရှိ အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နိုဝင်ဘာ ၃ ရက် ငလျင်လှုပ်ပြီးနောက် နီပေါရှိ ငလျင်ဒဏ်ခံခဲ့ရသော မိသားစုများအတွက် အိန္ဒိယအထူး လေတပ်လေယာဉ် ၃ စင်းဖြင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၃၃ တန်ကို  အိန္ဒိယက ပထမဆုံး အကူအညီ ပေးခဲ့သည်။ 

ရွက်ဖျင်တဲများနှင့် တာပေါ်လင်စများ၊ စောင်များ၊ အိပ်ရာလိပ်အပြင် အရေးကြီးသော ဆေးဝါးများ၊ ခွဲစိတ်ခန်း သုံးပစ္စည်းများ၊ သယ်ယူရလွယ်သော အသက်ရှုစက်များနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးဆိုင်ရာပစ္စည်းများကို အရေးပေါ် လိုအပ်ချက်များကို ပြည့်မီစေရေးအတွက် အိန္ဒိယက ထောက်ပံ့ပေးခဲ့သည်။ 

“အိန္ဒိယ၏ လျင်မြန်သည့် တုံ့ပြန်မှုက နီပေါအား ရင်းနှီးသည့်မိတ်ဆွေနှင့် အိမ်နီးချင်းအဖြစ် ထောက်ခံ အားပေးမည်ဆိုသည့် ကတိကဝတ်ကို ဖော်ပြနေပါသည်။ နီပေါ၏ အဓိက ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက် အနေဖြင့် အိန္ဒိယက ယခုကဲ့သို့ ခက်ခဲသောကာလတွင် နီပေါပြည်သူများအား ကောင်းစွာ ပံ့ပိုးကူညီခဲ့ပြီး၊ နီပေါအစိုးရကလိုလားသော ဦးစားပေးအစီအစဉ်များနှင့် လမ်းညွှန်မှုအပေါ် အခြေခံ၍ အိန္ဒိယက ဆက်လက်ပံ့ပိုးကူညီသွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နီပေါအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင် ရန် နိုဝင်ဘာ ၇ရက် အစောပိုင်းတွင် အိန္ဒိယလေတပ်၏ C-130 J လေယာဉ်သည် ကယ်ဆယ်ရေးပစ္စည်း ၉ တန်ကျော် တင်ဆောင်ကာ အိန္ဒိယမှ ထွက်ခွာသွားခဲ့သည်။  

နီပေါသို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးသည့် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းမှာ ၂၁ တန်ကျော်ရှိပြီဖြစ်ကြောင်း IAF မှ မှတ်ချက်ပြုခဲ့သည်။ 

အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့်  မြို့တော်တွင်ပင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် လူ ၁၅၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။  

ယင်းကဲ့သို့လျင်မြန်စွာ တုံ့ပြန်မှုသည် ဝန်ကြီးချုပ် မိုဒီ၏ အိမ်နီးချင်း ဦးစားပေးအစီအစဉ်နှင့် ကိုက်ညီပြီး အကျပ်အတည်းဖြစ်နေချိန်တွင် အိမ်နီးချင်းနိုင်ငံများကို ကူညီပံ့ပိုးပေးရန် အိန္ဒိယ၏ကတိကဝတ်ကို အလေးထားခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျိုင်းရှန်ကာက ပြောကြားခဲ့သည်။  

“နီပေါတွင် ငလျင်ဒဏ်ခံခဲ့ရသော ဒေသများသို့ အရေးပေါ် ကယ်ဆယ်ရေး အကူအညီများပေးနေပါသည်။ အိန္ဒိယက ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပထမဆုံး ပို့ဆောင်ခဲ့သည်။ ဝန်ကြီးချုပ် မိုဒီ၏ အိမ်နီးချင်း ဦးစားပေးအစီအစဉ်နှင့် အညီလုပ်ဆောင်ခဲ့သည်” ဟု နိုင်ငံခြားရေးဝန်ကြီး ဂျိုင်းရှန်ကာက လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။  

ရူပီး ၁၀ ကုဋေတန်ဖိုးရှိ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများကို နီပေါနိုင်ငံ၊ နီပေါဂွန်ဂျ်သို့ နိုဝင်ဘာ ၁၂ရက် တွင် ရောက်ရှိလာကြောင်း နီပေါနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။